ရင်ခွင်နွေး၌ ခိုလုံခြင်း (၁) မှ....
ဖေဖော်ဝါရီ ၆ ရက်၊ ကျနော်ဆိုတဲ့ ခပ်ဆိုးဆိုး သားတစ်ယောက်ကို အသက်နဲ့ရင်းပြီးမွေး၊ ဒုက္ခနဲ့ရင်းပြီးကျွေး၊ နှလုံးသားနဲ့ရင်းပြီးချစ်၊ ဘဝအတွေ့အကြုံတွေရင်းပြီး သွန်သင်ခဲ့တဲ့ အမေ့မွေးနေ့။ ဘယ်သူမှတော့ ထွေထွေထူးထူးမပါပါဘူး။ မိသားစုဝင် လေးယောက်ရယ်၊ ကျနော့ချစ်သူရယ် ပေါ့။ အမေ့မွေးနေ့အမီပြန်မလာနိုင်တဲ့ အစ်ကို့ကိုတော့ ဖုန်းခေါ်ပြီး တစ်ယောက်တစ်လှည့် ပြောဖြစ်ကြတာပေါ့။ ဆံပင်တွေဖြူ၊ အရေပြားတွေတွန့်လို့ အပြုံးကတော့ လှပနေဆဲ၊ အားအင်တွေပေးနေဆဲ။ ည ၇ နာရီ ကိုးရီးယားကားလာတော့ အမေ့ပေါင်လေး ခေါင်းအုန်းပြီး ကြည့်ဖြစ်သေးတယ်။ မနက်ဖြန်ဟင်းချက်ဖို့ ကြက်သွန်ဖြူလည်း ကူခွာပေးသေးတယ်။ ဟိုတစ်ချိန်က ဓားရှခဲ့ဖူးပေမယ့် အခုတော့ တော်တော့ကို ကျွမ်းကျင်နေပြီလေ။ တမြေတခြားမှာ အမေသင်ပေးထားတဲ့ ပညာလေးတွေနဲ့ ဘဝကို စိန်ခေါ်နေခဲ့တာကိုး။
နောက်သုံးရက်ကတော့ သူငယ်ချင်းတွေနဲ့တွေ့ရ လူကြုံပစ္စည်းပေးရနဲ့ ကုန်ဆုံးသွားပါတယ်။ ကြားထဲမှာ ချစ်သူနဲ့ အင်းယားကန်ဘောင်မှာ လေညှင်းသွားခံတာ၊ DotA လေးပြေးဆော့၊ လက်ဘက်ရည်ဆိုင်လေး ပြေးထိုင်တာတော့ ပါတာပေါ့လေ။ လမ်းထိပ်လက်ဘက်ရည်ဆိုင်က ကျဆိမ့်ကတော့ အရသာမပြောင်းသေး တစ်နှစ်ကျော် မဆော့ဖြစ်တဲ့ DotAကတော့ အလွဲလွဲအချော်ချော်။ လိုင်ကားတွေကတော့ ကြပ်နေမြဲ။ Air-Con Bus တွေများလာတာကလွဲရင် သိပ်မထူးခြား။ တချိန်က အုန်နာစပယ်ယာလုပ်ခဲ့ဖူးတဲ့ လှိုင်သာယာ-သီရိမင်္ဂလာဈေးကားလမ်းက ချိုင်တွေ ရှိနေဆဲ။ ခြေရာတွေထပ်ခဲ့တဲ့ ကားပွဲစားတန်းကလည်း လူတွေတိုးဝှေ့နေဆဲ။ ညဘက် ဘီယာဆိုင်တွေလည်း စည်ကားနေဆဲ။ အားလုံးဟာ ဟန်ချက်ညီညီ မပြောင်းလဲသလောက် လှုပ်ရှားနေကြဆဲပါ။
၁၀ ရက်နေ့က တရုတ်နှစ်သစ်ကူးနေ့လေ။ ရိုးရာမပျက်လေးတော့ လုပ်ဖြစ်ပါတယ်။ တကယ်တန်းပြောရရင် ကျနော်တို့ မိသားစုကိုးကွယ်ရာ ထေရဝါဒ သာသနာတော်နဲ့ဆိုရင်တော့ လမ်းကြောင်းနည်းနည်း လွဲနေတာပေါ့လေ။ တရုတ်ရိုးရာနဲ့ပတ်သတ်လို့ နှစ်ကူးတစ်ခါပဲ လုပ်ဖြစ်တာပါ။ တစ်နှစ်မှာတစ်ခါတည်းပါ။ အခြားတရုတ်ရိုးရာပွဲတော်တွေ တော့မလုပ်ဖြစ်ဖူးလေ။ နှစ်ကူးတောင် အမျိုးတွေကြားထဲ မကောင်းတတ်လို့လုပ်ရတာလေ။ တစ်နေလုံး စားကြသောက်ကြ၊ အမျိုးတွေလာကြ သွားကြနဲ့ပေါ့။
နောက်တစ်ရက် နှစ်ဆန်းတစ်ရက်နေ့ ကြတော့ မန္တလေးကရောက်နေတဲ့ ကြီးဒေါ်နဲ့ သူ့မြေးတွေနဲ့အတူ ကစားကွင်းတွေ တိရိစ္ဆာန်ရုံတွေ သွားဖြစ်ခဲ့ပါတယ်။ တူလေးတွေ တူမလေးတွေကြည့်ရတာ ပျော်လို့။ ကလေးသဘာဝ ဘာမှမသိ ရှင်းလင်းနေကြတဲ့စိတ်ကလေးတွေနဲ့ လွတ်လွတ်လပ်လပ် ကစားနေလိုက်ကြတာ။ အဲဒီဘဝလေး ပြန်တောင်ရောက်ချင်တယ်။ ငွေနောက်တကောက်ကောက်၊ ရည်မှန်းချက်တွေနောက် တကောက်ကောက် ဒီလိုနဲ့ပဲ ကိုအငဲပြောသလို လိုက်ရင်းပြေးရင်း ဖိနပ်လည်း ပါးလုပြီလေ။
ညနေကစားကွင်းကပြန်တော့ ဘဝဆိုတာကြီးကို လေးလေးနက်နက်ကြီး စဉ်းစားမိခဲ့တယ်။ အဖြေဆိုတာတော့မရခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နေ့တစ်နေ့ကုန်ဆုံးခဲ့ပြန်ပြီလေ။ ပြန်ရောက်လို့ တစ်ပတ်ပြည့်သွားခဲ့ပြီပေါ့။
ဆက်လက်ဖတ်ရှုပေးပါနော်......။
ရင်ခွင်နွေး၌ ခိုလုံခြင်း (၁)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၂)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၃)
ရင်ခွင်နွေး၌ ခိုလုံခြင်း (၄)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment