သေမင်းနှင့် စီးချင်းထိုးခြင်း (၃)

ဒီတစ်ခါ အသံတိတ် တိုက်ပွဲဗျ။ သူကလည်း ကျနော့ကို အသံတိတ်၊ ကျနော်ကလည်း သူ့ကိုအသံတိတ် အသေအကြေကို ဖိုက်ခဲ့ရတာ။ နောက်ဆုံးတော့ ကျနော်ပဲနိုင်သွားတယ် ဆိုပါတော့။ ဟဲဟဲ ဘယ်ရမလဲ မင်းသားပဲ။ အဲလေ…မှားလို့ ဗီလိန်ပဲ။ အန်..ရှုပ်ကုန်ပြီ။ ကဲပါလေ။ ဗီလိန့်ဇာတ်မှာ ဗီလိန်က မင်းသားပဲဆိုပါတော့။ ဟုတ်တယ်မလား။

ကျနော် တချိန်က ဂျပန်သွားဖို့ စီစဉ်ခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ မရောက်ခဲ့တာက တပိုင်းပေါ့လေ။ ဆေးစစ်လွှာတွေ တွဲတင်ရမှာဖြစ်လို့ ဆေးသွားစစ်ရပါတယ်။ မှတ်မှတ်ရရ ဖေဖော်ဝါရီလကြီးပါ။ တိတိကျကျပြောရရင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ စနေနေ့ပေါ့။ ဆေးစစ်တော့ ကျနော့သွေးကို ဖောက်ပါတယ်။ ပြီးတော့ သွေးရေကြည်ဆိုလားပဲ စစ်ထုတ်ရပါတယ်။ စစ်ထုတ်ပြီးလို့ ရလာတဲ့သွေးရည်ကြည်ကို ကိရိယာလေးတစ်ခုမှာ ထည့်ပြီးစစ်ရပါတယ်။ စစ်ရတဲ့ ကိရိယာလေးက ဖြူဖြူသွယ်သွယ် လေးထောင့်အပြားလေးပါ။ အကျယ်က ၁ စင်တီမီတာလောက်။ အရှည်က ၁၀ စင်တီမီတာလောက်ပါ။ အမြင့်ကတော့ ၅ မီလီမီတာလောက်ပဲရှိမယ်။

အဲဒီအပြားလေးရဲ့ တစ်ဘက်ထိပ်မှာ သွေးရည်ကြည်ထည့်ဖို့ နေရာအဝိုင်းလေးပါပါတယ်။ ပြီးတော့ သွေးက အချောင်းလေးတစ်လျှောက် စီးဆင်းသွားပြီး ပေါ်က Screen မှာ ဖော်ပြပါတယ်။ ဖော်ပြပုံက လိုင်း ၂လိုင်းရှိပါတယ်။ ပထမတစ်လိုင်းက Control Line အဲဒီလိုင်းပေါ်ရင် စစ်ဆေးမှုစပြီ။ ဒုတိယလိုင်းက Test Line ပါ။ အဲဒီလိုင်းပေါ်ရင်တော့ ရောဂါ Positive ပေါ့။ မပေါ်ရင်တော့ Negative ပေါ့။ ဆေးက သုံးမျိုးလောက် အဓိကစစ်ရတယ်။ အသည်း ဘီ၊ အသည်း စီ နဲ့ အိတ်ခ်ျအိုင်ဗီပေါ့။ အသည်း ဘီ။ နက်ကတစ်ဖ်၊ အသည်းစီ နက်ကတစ်ဖ်၊ အိတ်ခ်ျအိုင်ဗီ………………။ သေဘီ။ Testing က တဖြည်းဖြည်း ပေါ်လာပြီ။ ပေါ်လာပြီ။ ခပ်ရေးရေးလေးပေါ်ပြီး ရပ်သွားတယ်။ ထင်ထင်ပေါ်ပေါ်လည်းမဟုတ်။ မရှိတရှိဆိုပါတော့ဗျာ။ ဘုရား၊ ဘုရား ဒုက္ခပါပဲ။

သူကလည်းပိုပြီးထင်လာလေလေ… ကျနော့အတွေးက ခပ်ဝေးဝေးရောက်လေလေပဲ။ ဒီကိစ္စ အမေ့နဲ့ အဖေ့ကို ဘယ်လိုပြောရပါ့မလဲ…။ ချစ်သူနဲ့ ဘယ်လို…..။ သူငယ်ချင်းတွေကြားမှာ…။ ဆွေမျိုးတွေကြားထဲမှာ…။ ငါ့ရည်မှန်းချက်ကြီးတွေ…။ ငါကြိုးစားခဲ့သမျှတွေ…။ ငါ့မျှော်လင့်ချက်တွေ…။ ငါ့………..ငါ့။ အဝေးကြီးကိုရောက်ရှိသွားပါလေရော။

သူကလည်း အတော်အသင့်လေးထင်ပြီး ရပ်သွားပါတယ်။ ထင်တာတော့သေချာတယ်။ ဒါပေမယ့် ဝါးတားတားရယ်။ ဆေးစစ်တဲ့ အဒေါ်ကြီးကတော့ ပြောရှာပါတယ်။ စက်မှားတာနေမှာပါတဲ့။ ထပ်စစ်ကြည့်မယ်ဆိုတော့ ဆိုးလိုက်တဲ့ကံက စစ်စရာ ပစ္စည်းမရှိတော့ဘူးတဲ့ ဒုက္ခပဲ မိုးကလည်းချုပ်တော့မယ်။ နောက်နေ့မှ စစ်တာပေါ့တဲ့။ စက်ပျက်တာနေမှာပါတဲ့လေ။ နောက်နေ့ဆိုတာကလည်း တနင်္ဂနွေနဲ့ တနင်္လာ(ပြည်ထောင်စုနေ့)က ပိတ်တယ်တဲ့လေ။ အင်္ဂါကျမှ စစ်လို့ရမယ်တဲ့။ စဉ်းစားကြည့်ပါဦးဗျာ။ ဒီနှစ်ရက်ကို ဘယ်လိုအင်အားနဲ့ စခန်းသွားရမှာတုန်း။ ကျနော်လည်း စိတ်ညစ်ညစ်နဲ့ တခြားဆေးခန်းသွားစစ်မယ်လို့ စဉ်းစားပြီးထွက်လာခဲ့တာ။ ဆေးခန်းရောက်တော့ မေးကြည့်တာ ၉၀၀၀ ကျပ်တဲ့လေ။ ၃၅၀၀ ပဲရှိတဲ့ကျနော် ရှက်လည်းရှက်ပါတယ်။ ရှက်ရှက်နဲ့ပဲ ထွက်လာခဲ့ရတာပေါ့။

ကဲပါ…ထားပါတော့လေ။ မရှိတာကအရေးမကြီးဘူး။ ရှိလာရင်ဘာလုပ်မလဲ။ ဘာလုပ်မလဲ။ ဘာလုပ်မလဲ။ အိမ်နားက ဆိုးတူကောင်းဘက် ငယ်ပေါင်းသူငယ်ချင်းကို ခေါ်ပြီး တိုင်ပင်ရပါတော့တယ်။ ပြောလိုက်တော့ သူလည်းတော်တော် စိတ်လေသွားပါတယ်။ ဘာတွေဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုစီစဉ်ကြမယ်ပေါ့။ ဒါတော့ အသေးစိတ်မပြောတော့ပါဘူး။ အဆိပ်ချိုချို နဲ့များ ခပ်ဆင်ဆင်တူမလားပဲ။ :) အိမ်ပြန်ရောက်တော့ အမေက “ဟဲ့… ဆေးစစ်တာ ဘာတဲ့လဲ” တဲ့လေ။ ကျနော်ဘာပြောရမှာလဲ။ အဖြေမထွက်သေးဘူးလို့ပဲ ပြောလိုက်မိပါတယ်။ ပြီးတော့ ထမင်းနည်းနည်းကို စားချင်ယောင်ဆောင်ပြီး အခန်းထဲတန်းဝင်ပြီး ခွေတော့တာပဲ အတွေးပေါင်းစုံ ရှုပ်ရှက်ခက်ပြီး ရူးချင်ချင်ဖြစ်သွားတဲ့ အမှတ်တရညလေးတစ်ညပါပဲ။

အင်္ဂါနေ့ရောက်တော့ နှစ်ကြိမ်တိုင်တိုင်ထပ်စစ်တာ Non-reactive တဲ့လေ။ တခါတခါ သေမင်းက သိပ်နောက်တာပဲနော်။ :) အောက်မှာ ဆေးစစ်တဲ့ ကိရိယာလေးကို နမူနာပြပေးလိုက်ပါတယ်။ ကျနော်စစ်တဲ့ စက်ကလေးက သူ့ထက် ဗျက်သေးတယ်ဗျ။ blogs.chron.com ကနေ ကူးယူတင်ပြလိုက်တာပါ။


4 comments:

သံလွင် HeRo said...

အားလားလား...ဒီတစ်ခါကတော့တစ်ကယ့်ကိုစီးချင်း
ထိုးပွဲပါပဲ...မင်းသားကလည်တော့လည်း သေမင်းနဲ့လွန်
ဆွဲနေတဲ့ကြားက အသိပညာလေးသုံးလိုက်တော့
အားသာသွားတာပေါ့ဗျာ...ဟုတ်တယ်မဟုတ်လား
နောင်တော်ကြီး...ကျနော်အဲဒါတွေမတွေးခင်ခေါင်းထဲ
မှာပေါ်လာတာက ဘာဖြစ်လို့များအဲလောက်တောင်
ကြောက်နေရသလဲပေါ့...တစ်ခုခုတော့တစ်ခုခုပဲ...
ဖြစ်တတ်ပါတယ်...ဘာပဲဖြစ်ဖြစ်အနိုင်ရသွားတော့လည်း
ကော်ဂရက်ကျူရေးရှင်းဗျို့။

ဗီလိန် said...

မဟုတ်ဘူးလေဗျာ။ သေမှာကိုကြောက်တာမဟုတ်ဘူး။ အဲဒါကြီးနဲ့....။ စဉ်းလဲစဉ်းစားကြည့်ဦး။ :(

Anonymous said...

ဟိဟိ ပေါ်ကုန်ပြီဗျို့

မောင်bee said...

ကိုဗီ တို့ဖြစ်လိုက်ရင် အဆန်းကြီးဘဲ။ :D