အပ်ကိုင်တဲ့ လက်

မကြာခင် သူ့ကိုခေါ်သွားကြတော့မည်။ ဒီမျက်နှာလေးကို အကောင်းပကတိ အတိုင်းမြင်တွေ့ရဖို့က နောက်ဆုံးအကြိမ်။ ရင်ဘတ်ထဲမှာ တဆစ်ဆစ်နာနေဆဲ။ ငိုရလွန်းလို့ မျက်ရည်တွေလည်း မရှိသလောက်။ အဖေတို့ကဘေးမှာ လုပ်စရာရှိတာ လုပ်နေကြတယ်။ လာမကူလို့ဆိုပြီး ဘာမှမပြော။ ကျနော်ရင်ထဲက ခံစားချက်ကို အဖေကိုယ်တိုင်က နားလည်ပေလိမ့်မည်။ သူကိုယ်တိုင်လည်း ခံစားနေရမည်ကိုး။ ဟုတ်သည်။ ကိုယ်ညီမတစ်ယောက် ဆုံးပါးသွားသည်ကို ၀မ်းနည်း ကြေကွဲနေရမယ်ဆိုပေမယ့် အစ်ကိုကြီးတော့ အဖရာ လေ။ အဖေကပဲ ဦးဆောင်ရတာပေါ့။ ကျနော့ဘေးမှာက ကျနော့ကြီးတော်က တရှုံ့ရှုံ့။

အသက်မရှိတော့ဘူး ဆိုပေမယ့် နောက်ဆုံးချိန်မှာ သူကိုယ်တိုင်က ဘာမှန်းတောင်မသိလိုက်။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ဒီအခန်းထဲဝင်ပြီး ကောင်းကောင်းမွန်မွန် ပြန်ထွက်ခဲ့သည်မလား။ အခုတော့ ဝင်သွားပြီးကတည်းက သွေးပုလင်းတစ်လုံးပြီး တစ်လုံးပေးလိုက်ရတယ်။ ဘာမှမထူးခြား။ သူ့ဦးနှောက်မှ အတော်လေး ပွပြီး အမြစ်တွယ်နေပြီဖြစ်တဲ့ အကြိတ်စများက သူ့ကို ပြန်ပြီးသတိမရစေတော့။ လွန်ခဲ့တဲ့ နှစ်နှစ်က အကြိတ်မကြီးကို ဖယ်ထုတ်လိုက်လို့ ပျောက်ကင်းသွားတယ်ဆိုပေမယ့် အဲ့ဒီတုန်းက ဖယ်လိုက်ရင် ဦးနှောက်ကိုပါ ထိခိုက်သွားမှာ စိုးရတဲ့ အပိုင်းအနည်းငယ်ကို မဖယ်လိုက်ခဲ့။ ဤသည်ကပဲ ဒီနေ့ ဒီအခြေအနေ ရောက်လာခဲ့ပြီ။

အတွေးတွေက လွန်ခဲ့သော ၁၅နှစ်သို့..........
အဖေက ကျနော်သစ်ပင်ပေါ်တက်လို့ လိုက်ရိုက်သည်။ ဒေါ်လေးက ကျနော့ကိုဖမ်းကာ သူ့နောက်ကျောမှာ ကျနော့ကိုထား၍ အဖေ့ကို မရိုက်ဖို့ တောင်းပန်နေသည်။ အဖေက မရရအောင်လိုက်ရိုက်ရင်းက ဒေါ်လေးလက်ကို ထိကာ အရှိုးရာတွေထင်ကုန်ပြီ။ ကျနော့ကိုကား မထိခဲ့။
တခါ..... ဒုတိယတန်း ပထမဆုရတော့ အဖေ့ကို အကြိမ်ကြိမ်တောင်းတာ မရခဲ့တဲ့ Hand Game လေး။ အဖေက ဂိမ်းဆော့တာမကြိုက်လို့ ဝယ်မပေးခဲ့။ ဒါကို သိတဲ့ ဒေါ်လေးက ၀ယ်ပေးတဲ့အပြင် အိမ်မှာဆော့လို့မရမှန်းသိတော့ ကျောင်းဆင်းချိန်တွေဆို သူ့အိမ်မှာ ဆော့ခိုင်းတယ်လေ။ ကျောင်းပြန်ချိန်ဆို သူ့အိမ်မှာ ခေါ်ထားမယ့်အကြောင်း အဖေ့ကိုလည်းပြောထားတော့ အဆင်ပြေခဲ့တာပေါ့။

ဒီလိုနဲ့ ရွှေဆိုရွှေ ငွေဆိုငွေ ဖြည့်ဆည်းပေးခဲ့တဲ့ ဒေါ်လေး။ သူရောဂါခံစားနေရချိန်မှာ သွေးပုလင်းတစ်လုံးကလွဲလို့ ဘာမှ အထောက်အကူ မပေးနိုင်ခဲ့။ ဆုမတောင်းတတ်တဲ့ ကျနော့အဖို့ ဆုတောင်းတိုင်းလည်း မပြည့်နိုင်ဘူး ဆိုတဲ့ အသိနဲ့ ဆုလည်း တောင်းမပေးခဲ့။ ဆရာဝန်ကြီး အခန်းထဲဝင်သွားချိန်မှ ထွက်လာချိန်အထိ စောင့်ကြည့်ရုံမှတပါး အခြားလုပ်စရာမရှိ။ ဒီရောဂါ အစပြုခဲ့သည်မှာက လွန်ခဲ့သည့် ၅နှစ်ကျော်၊ ခြောက်နှစ်ကတည်းက။ ရောဂါလက္ခဏာ ပြစကတည်းက အပျိုကြီးဖြစ်တဲ့ ဒေါ်လေးက ကျနော်ကို အဖော်အဖြစ် ဆေးခန်းခေါ်သွားနေကြ။ နာမည်ကြီးပါပေ့ဆိုတဲ့ နာမည်သုံးလုံးနဲ့ ရာထူးကြီးကြီး ဆရာဝန်မကြီးတစ်ယောက်ပေါ့။ တစ်နေ့ကို ၂နာရီနဲ့ လူနာ ၁၀၀ကျော် မရရအောင်ကြည့်တယ်လေ။ အခန်းထဲဝင်လို့ ဆေးစာအုပ်ကြည့်ပြီး ကျနော့ ဒေါ်လေးကို ဘာမှတောင်မမေးဘူး။ ဆေးစာရေးပေးပြီး ဆေးသောက်ခိုင်းတယ်။ ကျနော်လည်း ငယ်သေးတော့ မသိဘူးလေ။

ဒီလိုနဲ့ သူနဲ့ပြလာလိုက်တာ ၃နှစ်လောက်ကြာတော့ လက္ခဏာတွေပြတာ စိတ်လာတယ်။ နဂိုက ၆လတစ်ကြိမ်လောက် တက်တတ်တယ်။ အခု ၃လတစ်ကြိမ်၊ ၂လတစ်ကြိမ်။ နောက်ပိုင်း ခဏခဏ ဖြစ်လာတော့မှ ဆရာဝန်မကြီးကို ပြောလိုက်တော့ သူပြန်ပြောတဲ့စကားက။ "ဓာတ်မှန်ရိုက်ဖို့တတ်နိုင်လား" တဲ့။ ဘယ်လောက်ကျမလဲမေးတော့ ၃၀၀၀၀ ကျပ်တဲ့လေ။ ဒိတ်ဒိတ်ကျဲ ချမ်းသာမနေပေမယ့် အိမ်တပြောင် ကားတဆောင်နေနိုင်တဲ့ သူတွေပါ။ လူအထင်ကြီးအောင် ကြွားတတ်တဲ့ အကျင့်မရှိလို့ ရွှေတွေ စိန်တွေဝတ်မထားခဲ့မိ။ ဒါကပဲ လူအထင်သေးစရာလား။ ဒါအကျင့်ကပဲ သူ့ကို သတ်လိုက်လေသလား မသိ။ ဓာတ်မှန်အဖြေထွက်တော့ ဦးနှောက်ထဲက အကြိတ်က ကြက်ဥလုံးလောကဲ့လေ။ ထိုအချိန်မှစ၍ ဆရာဝန်ကြီး ဦးစောဆိုင်မွန်သာ ဖြင့်ပြောင်းပြပြီး ခွဲစိတ်အောင်မြင်ခဲ့ပါတယ်။ သဘောလည်းကောင်း၊ စေတနာလည်းပြည့်ဝ၊ အတွေ့အကြုံလည်း ရင့်ကျက်တဲ့ ဆရာဝန်ကြီးပါ။

စဉ်းစားကြည့်ကြပါဗျာ။ ၃နှစ်ဆိုတဲ့ အတိုင်းအတာက ကြက်ဥလုံးအဆင့်ရောက်မှ သိစရာလား။ ခဏခဏဆေးခန်းလာခိုင်းပြီး သူများငွေ လိမ်တောင်းနေတာ ပညာတတ်တဲ့လား။ လူတစ်ယောက်အသက်ရဲ့ တန်ဖိုးကို သူ့ရဲ့ အထင်သေးမှုနဲ့ တိုင်းတာသလား။ ရှိစေတော့ သူ့ကိုယုံကြည်ခဲ့မိတာကိုးက ကျနော်တို့အမှား တကယ်ဆို အစောကြီးကတည်းက တခြားဆရာဝန်တစ်ယောက်နဲ့ ထပ်ပြထားသင့်တာလေ။

ကျနော် စဉ်းစားမိတာတစ်ခုရှိတယ်။ ထောင်ထဲက လူသတ်သမားတစ်ယောက်က လူဘယ်နှစ်ယောက် သတ်ခဲ့သလဲ။ သူဘယ်လောက် သတ်နိုင်သလဲ။ အဲဒီအတွက် ထောင်ထဲမှာ ဘယ်နနှစ် အပြစ်ပေးခံရသလဲ။ အဲဒါလေးကို သိရင်ဖြေပေးကြပါဗျာ။ လောကကြီးက သိပ်မတရားသလိုပဲနော်။

11 comments:

ရွှေပြည်သူ (ShwePyiThu) said...

မောင်လေးရေ... ဖတ်ရင်းဝမ်းနည်းနေပါတယ်။ အစ်မရဲ့ အဒေါ်တစ်ယောက်လည်း ရန်ကုန်မှာ မကျန်းမမာ ဖြစ်နေလို့ပါ... မောင်လေးအဒေါ်ရဲ့ ကျန်းမာရွှင်လန်းပါစေ...

ခေါင်ခေါင် said...

ဖတ်ပြီးတော့ စိတ်မကောင်းဘူး ကိုဗီလိန်..
ဒါမျိုးတွေ ကြားရတာ များပြီ....
ယုံကြည်မှုက ဆိုတာ တစ်ခါတစ်လေ.. ချင့်ချိန်သင့်တယ်
ကိုယ်က ထူပူနေတဲ့ အခါ ဆိုတော့လဲ ဘယ်မြင်နိုင်မလဲ
ကံစီမံ ရာ အတိုင်းပေါ့.. ကိုဗီလိန်ရယ်

လင်းဒီပ said...

ဟုတ်တယ် လိန်လိန်ရေ...တချို့လက်တွေက တိတ်တိတ်လေး လူသတ်နေကြတာ...

flowerworld said...

ဖတ်ပြီးတော့စိတ်မကောင်းတောင် ဖြစ်သွားတယ်...
အပ်ကိုင်သောလက်ဆိုတော့ ဘာလေးရေးလဲလို့.
မီးလေးရဲ့အကြီးလဲ ဒီလိုပါပဲ ငွေသာကုန်သွားတယ် နောက်ဆုံးတော့လဲ....................

တောင်ပေါ်သား said...

စိတ်မကောင်းဖြစ်ရတယ်ဗျာ.. ဒါတွေဟာ လူတွေရဲ့ ငါဆိုတဲ့ အတ္တတွေကြောင့်ပေါ့.. အထူးသဖြင့် သူတို့လို ဆရာဝန်တွေဟာ ငွေဘက်ကို လှည့်သွားရင် ဒုက္ခရောက်တာ ကျနော်တို့လို ပြည်သူတွေပါဗျာ.. အပ်ကိုင်တဲ့လက်လေးတွေ သန့်ဖို့လိုတယ်ဗျာ.. အဒေါ်တစ်ယောက် အမြန်ဆုံး နေကောင်းလာပါစေလို့......

ဗီလိန် said...

ကိုတောင်ပေါ်သားကလည်းလုပ်ပြီ။ ဆုံးသွားပြီဗျ။
လိုင်စင်ရ တွေ ဆိုတာ ဒါမျိုးပေါ့။

မောင်ဖားကြီး said...

တကယ်စာနာမိပါတယ်ဗျာ
အေးဗျာ အဲ့လိုမျိုးကိုကျတော့
ဘယ်လိုပြောရမလဲမသိဘူး

မောင်ဖားကြီး said...

အေးဗျာ တစ်ကယ်စိတ်မကောင်းစရာပဲ
ဒါမျိုးက လူသတ်သမားထက်ဆိုးတယ်ဗျ။
လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ။
ဆရာဝန်ဖြစ်ဖြစ်၊အင်ဂျင်နီယာဖြစ်ဖြစ်
ရှေ့နေဖြစ်ဖြစ်၊ ယေဘူယျခွဲရင်တော့
လူဆိုးနဲ့လူကောင်းပေါ့

Anonymous said...

အင်း..သူတို့ကလိုင်စင်ရလူသတ်သမားလို့ ခေါ်တယ်
မြန်မာပြည်ကဆရာဝန်တွေတော်ချက်တော့ပြောချင်ဘူး
မှတ်မိသေးတယ် လွန်ခဲ့တဲ့၎နှစ်က အမေ မူးပြီးလုံးဝမထနိုင်လို့ ပထမ ရပ်ကွက်ထဲကဆေးခန်းပေါ့
သူကဘာပြောလဲဆိုတော့ မှတ်နော်ဖြစ်ပုံ သွေးတိုးထင်တယ်၊နှလုံးအားနဲတာလဲဖြစ်နိုင်တယ်။သွေး
ကျတာလဲဖြစ်နိုင်တယ်ဆိုပြီးလုပ်ရောဗျို့
ဒါနဲ့ စိတ်မချလို့ အထူးကုဆေးခန်းကို ညသန်းခေါင်သွားရတာပေါ့ သွားတော့ အတူတူပဲဗျာ အဖြေက ကဲအဲဒါသာကြည့်တော့တော်ချက်က လန်ထွက်နေတာပဲ အံမယ် ဆေးတော့တလုံးထိုးပေးပြီး ၅၀၀၀တော့ယူတယ်နော်
ပြောရင်တော့မကုန်နိုင်ဘူးဗျို့ တချို့ကျတော့ဒီဆရာဝန်ကရောဂါတမျိုးနာမည်တပ်ပြီး
နောက်တယောက်ကျတော့ နောက်တမျိုးဗျား
မထူးဆန်းဘူးလား။အဲဒီလိုပဲဆေးစစ်တော့ ၂နေရာစစ်ရင် ၂မျိုးအဖြေထွက်သဗျ။အသိတယောက်ဆို အကောင်းကြီး ရှည်ပြီးဆေးသွားစစ်တာ ရောဂါပေါင်းစုံ
ပေါ်လာလို့အိပ်ယာထဲဘုံးဘုံးလဲသွားလေရဲ့။
အရမ်းကိုတော်တဲ့သူတွေလဲရှိပါတယ် လက်ချိုးရေလို့ရ
တယ်။အများအားဖြင့်ကတော့စမ်းတ၀ါးဝါးကုနေကြတာ
များတယ်/
ဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ

puluque said...

နာမည်သုံးလုံးနဲ့ ဆရာမ ဘယ်သူဆိုတာ ကျတော်သိပါတယ်။ ဒီလိုပဲဗျ။ သူကို ပြရင် လူနာက ရောဂါ အကြောင်းတောင် ကောင်းကောင်း ပြောခွင့်မပေးဘူး။ ကျတော့ တီချယ်တစ်ယောက်ရဲ့ အစ်မတစ်ယောက်လဲ သူ့ကြောင့် ပဲ့ မသေသင့်ပဲ သေခဲ့ရပါတယ်။ ၀မ်းနဲစွာ ဖတ်ရှုသွားပါတယ်

Anonymous said...

စိတ်မကောင်းခြင်းများစွာနဲ့ လာရောက်ဖတ်ရှုသွားပါ
တယ်ခင်ဗျာ..