နိဒါန်းမရေးဖြစ်တဲ့ နိဂုံး

မနက်ဖြန်ကစပြီး ကျနော် လွတ်လပ်တော့မယ်။ ဒီအခန်းကျဉ်းလေးထဲမှာ နေရတာ အခုဆို ရက်ပေါင်း ၃၀၀ ပြည့်တော့မယ်။ လောကကြီးကို မျက်စိစုံမှိတ်ပြီး အားရပါးရကြီး အော်လိုက်ချင်ပြီ။ ခြေတွေ၊လက်တွေ အကုန်ဆန့်ထုတ်ပြီး အညောင်းဖြေလိုက်မယ်။ အရာရာရဲ့ ထူးဆန်းမှုတွေ၊ အံ့သြမှုတွေကို မနားတန်းလေ့လာမယ်။ ပတ်ဝန်းကျင်ထဲက မမြင်ဖူးတဲ့အရာတွေ၊ မစားဖူးတဲ့ အရာတွေကို အားရပါးရကြီးကို စားသုံးလိုက်ဦးမှာ။ ဟိုးအဝေးကြီးက ဖြတ်တိုက်လာတဲ့ လေကို တဝကြီးရှူရှိက်လို့ ဘ၀ကြီးကို ထူထောင်မယ်။ ကြိုးစားမယ်။ ကိုယ့်ကိုကိုယ်ရှာလို့မတွေ့နိုင်တဲ့ လူ့ဘ၀ကြီးမှာ ပျောက်ဆုံးရင်လည်း ပျောက်ဆုံးသွားပါစေ။ ရင်ဆိုင်မယ်။ စိန်ခေါ်မယ်။ ပျော်စရာတွေကို ဖန်တီးမယ်။ စိတ်ပျက်မှုတွေ ၀မ်းနည်းမှုတွေ မကျေနပ်မှုတွေကို အမြဲတမ်းအောင်မြင်သူတစ်ယောက် ဖြစ်အောင်ကြိုးစားမယ်။ ဒါပေမယ့် ရချင်မှလည်းရလိမ့်မယ်။ မရလို့လဲ ဝမ်းမနည်းဘူး။ ဆက်ကြိုးစားမယ်။ ဒီလိုဒီလိုနဲ့ "ငါ"ဆိုတာကြီးရင်မှာပိုက်လို့ ရှင်သန်မယ်ဆိုပါတော့ဗျာ။

မနေ့က ပြောတဲ့ မနက်ဖြန်ဆိုတာကြီးကို ရောက်ပါပြီ။ စိတ်ကူးယဉ်ထားတာလေးတွေ ပုံဖော်ဖို့ ဒီနေ့ဆိုတာကနေစပါတော့မယ်။ အဖေ့မျက်နှာကိုကြည့်ရဖို့၊ အမေ့ရင်ခွင်ကို ခိုလုံဖို့ အသင့်ဆိုတဲ့ အနေအထားကို ရောက်လို့နေပြီလေ။ ညနေစောင်းသည့်တိုင် အခြေအနေက မထူးခြားသေး။ မိုးချုပ်သွားပြီ။ ကျနော့စိတ်က မရှည်ချင်တော့ဘူး။ မိုးကချုပ်သထက်ချုပ်လာပြီ။ ဆန္ဒတွေပြည့်နှက်နေလို့လား မသိ။ ဒီနေ့ပိုပြီး နေရထိုင်ရ ကျဉ်းကျပ်နေသလိုပဲ။ ကျနော်လည်းညောင်းတာနဲ့ ဟိုလှည့်ဒီလှည့် လုပ်လိုက်တော့ နံရံကိုကန်မိသွားတယ်။ အစတည်းက ပေါက်ချင်ချင်ဖြစ်နေတဲ့ နံရံကထောင်းကနဲ ပေါက်သွားပါလေရော။ ဘေးကအသံတချို့က ရေမွှာပေါက်နေပြီဟေ့တဲ့။

အမေ့ကို မွေးခန်းထဲခေါ်သွားကြပြီ။ ခေါင်းမာလှတဲ့ အမေက နေ့ကျော်မှမွေးလို့ ရေရွတ်နေလေရဲ့။ စနေနေ့ မမွေးချင်ဘူးတဲ့လေ။ ဆရာဝန်ကလည်း ဒါကို လက်ခံထားပုံရတယ်။ အချိန်က အခုမှ ၁၀နာရီတောင် မထိုးလောက်သေး။ တဖြည်းဖြည်းနဲ့ ရေမွန်းလာပြီး အသက်ရှူလည်း မဝချင်တော့ဘူး။ ကျနော် အားတင်းထားတယ်။ ခဏနေတော့ အမေ့ကို အောက်ဆီဂျင်ဘူး တပ်လိုက်ပုံရတယ်။ နည်းနည်းနေသာထိုင်သာ ရှိုသွားတယ်။ ဒါပေမယ့် အရမ်းကြီးတော့ မဟုတ်။ ခဏပါပဲ။ ခဏကြာတော့ အောက်ဆီဂျင်ဘူးလည်း သိပ်ပြီး အသုံးမဝင်တော့ပါဘူး။ ဟုတ်ပါတယ်။ ကျနော် အလွန်ကို မွန်းကျပ်နေပြီလေ။ အခုချိန်ထိ ကျနော့ကို အပြင်ရောက်ဖို့ မကူညီကြသေးတာ အံ့သြမိတယ်။ တကယ်ဆို စနေပဲဖြစ်ဖြစ်၊ တနင်္ဂနွေပဲ ဖြစ်ဖြစ် လူဟာလူပါပဲဗျာ။ ကန့်သတ်ထားတဲ့ ခေတ်နောက်ပြန်ဆွဲ အူကြောင်ကြောင်အတွေးတွေနဲ့ ကျနော့မှာ ဒုက္ခရောက်လှပါပြီ။ ပညာတတ်တစ်ယောက်ပါလို့ ပြောကြတဲ့ ဆရာဝန်ကကော ဘာတွေများစောင့်နေပါလိမ့်။ သူကလုပ်ဆို မလုပ်လို့မရတဲ့ အချိန်မျိုးမှာ သူ့အမိန့်ကို စောင့်ရတာ သိပ်ကိုပင်ပန်းလှပါပြီ။

နာရီက ၁၁ ကျော်လောက်တော့ရှိရောပေါ့။ ကျနော်လည်း သတိမရတချက်ရတချက်ရယ်ပါ။ ဘာမှလည်းမသိတော့ဘူး။ သူတို့ လုပ်ချင်သလိုလုပ်ရတဲ့ ကိစ္စလေ။ ကျနော်က ကာယကံရှင်ဆိုပေမယ့် ဘာမျှမှ မတတ်နိုင်တာ။ စောင့်ရုံပေါ့။ ၁၁နာရီခွဲကာနီးတော့ သူတို့စတင်လှုပ်ရှားပြီ။ကျနော့အပေါ်ကို တစ်ခုခုက ဖိလိုက်သလိုခံစားလိုက်ရတယ်။ ဒါပေမယ့် ကျနော်ကတော့ သတိက ရဲ့ရဲ့လေးပဲရတော့တယ်။ မွန်းလွန်းလို့ လုံးဝအသက်ရှူလို့မရတော့။ ရုန်းထွက်ဖို့လည်း အင်အားကမရှိတော့။ အမေ့နှလုံးခုန်သံက အရမ်းကိုမြန်လာပြီ။ ကျနော်ကိုယ်တိုင်လည်း ဘာမှကို မသိသလောက်ဖြစ်နေပြီ။ သတိမရတချက်၊ရတချက်ကြားက သိလိုက်ရတာက ကျနော်အပြင်ရောက်ဖို့ နည်းနည်းပဲလိုတော့တယ်။ ကံဆိုးသလားတော့မသိ။ အမေ့ နှလုံးခုန်သံမကြားရတော့။ တဖြည်းဖြည်းလည်း အေးလာသလိုခံစားရတယ်။ ချက်ကြိုးကတဆင့်ရတဲ့ အောက်ဆီဂျင်ကလည်း တဖြည်းဖြည်းပျက်တောက်သွားပြီ။

ကျနော့ရဲ့ နောက်ဆုံးထွက်သက်လေး မတိုင်ခင် အသိတစ်ခု သိလိုက်ပါပြီ။ ကျနော်တကယ်ကို သိလိုက်ပြီ။ သိလိုက်ပေမယ့် သိပ်ကိုနောက်ကျသွားခဲ့ပြီ။ စနေ၊ တနင်္ဂနွေဆိုတဲ့ သတ်မှတ်ချက်တွေက လူတစ်ယောက်၊ ဒါမှမဟုတ် လူနှစ်ယောက်ရဲ့ အသက်ထက်ပိုတန်ဖိုးရှိတယ်ဆိုတာကိုပေါ့။

13 comments:

sait phay yar said...

ဗလာပြီးတော့ နိဂုဏ်း ကောင်းလိုက်တာ
တော်တော်လေး ကောင်းပါတယ် အတွေးလေးက
ဗိးလိန်တို့က ဗိုက်ထဲကတည်းကကိုသိနေတာ

WWKM said...

အတွေးလေးကတော်တော် ကောင်းပါ၏။
အသိလေးတွေ တိုပါ၏။
တော်ပါပေသည်.မောင်လေးဗီလိန်။
စိတ်ကူးလေး ကောင်းလွန်းတဲ့ ပို့စ်လေးတစ်ခုပါ။

အဆင်ပြေပါစေ။
ခင်တဲ့
မမ၀ါ

flowerworld said...

ဗီလိန်တို့က...အမေဗိုက်ထဲမှာကတဲကသိနေတာကို....အော်....ဟော်
ဟဲဟဲ.....စတာပါ..........အရမ်းကောင်းသောပို့စ်လေးတစ်ပုဒ်ပါ....
အားပေးလျှက်ပါနော်

puluque said...

အပေါ်မှာပြောသွားတဲ ကွန်မန့်တွေကို အပြည်အ၀ထောက်ခံပါတယ်။ တကယ်ကောင်းတဲ့ပို့စ်လေးပါ။ အရေးအသားလေးကလဲ သွက်တော့ ဖတ်လိုတကယ်ကောင်းပါသည်. very nice.

ဖိုးဂျယ် said...

ကိုဗီလိန်တို.ကတော့ ကောင်းပြီးရင်းကောင်းတယ်ဗျာ။ လာသာဖတ်နေတာ အစ်ကိုလို. ကောင်းအောင်မရေးတတ်သေးဘူးဗျ။

Dream said...

စနေတနင်္ဂနွေကပိုတန်ဖိုးရှိတယ်လေ... အလုပ်နား
ရလို့.. ဟိဟိ။. ဦးဦး ဘီယိန်... ပို့စ်လေးက
ဂွတ်ထနေပါလား... ဆက်လုပ်.. အားပေးတယ်
ဟီးဟီး :P :P

မဆုမွန် said...

တွေးပုံလေးကို ရေးပြလိုက်တာ ကောင်းတယ်
ဆက်ရေး မောင်လေး

Anonymous said...

ဟာ... လန်ထွက်နေတာပဲဗျို့
အတွေးအခေါ်လေးကမိုက်တယ်ဗျာ။
ကောင်းပါ့ဗျား

မောင်မောင် said...

ကောင်းတော့ ကောင်းတယ်။
မျက်စိစပ်တယ်။
အမေရော ကလေးပါဆုံးသွားတာ သိတဲ့ အချိန်မှာတော့
ပိုကြေကွဲရပါတယ်။
အားပေးနေတယ်နော်။ ဆက်ရေးပါ။

chanye` said...

ကိုယ့်ဆရာ..အတွေးအရေးလေးတွေ ကောင်းသဗျာ။ ဆက်လုပ်ပါအုံး ဖတ်ရအောင်

:P said...

ကောင်းဧ။်

အလှတရား said...

အယ် တယ်ကောင်းပါလား
ဆရာဝန်တွေကိုချည်းတွယ်နေသလိုပဲ
သိပ်မရေးရဲတော့ဘူး ဟီး
ကောင်းတယ်ကောင်းတယ်
ဆက်လုပ်

YoungGun said...

ဟုတ်ပါတယ် ကိုဗီလိန်ရေ။ အကို့ကို ရွေးပေးလိုက်သူဟာ မြန်မာ့ရိုးရာမဟာဘုတ်သမားဖြစ်ဖို့ များပါတယ်။ ဘုတ်တာ မဘုတ်တာ ခဏဘေးချပြီး လူနှစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ကသာ အရေးကြီးပါတယ်။ ကျနော်လေ့လာဖူးတဲ့ တရုတ်ရိုးရာ တောက်တယ်ကျင်း ပြောင်းလဲခြင်းတရားတော်ကျမ်းမှာ ကံကောင်းချည်းပဲ မျှော်လင့်လို့မရသလို ကံဆိုးချည်းဆိုတာလည်း မရှိပါဘူးတဲ့။ အူကြောင်ကြောင် ဗေဒင်ဆရာယောင်တွေနဲ့ ဗေဒင်ကို အတိုင်းတာထက် ပိုယုံသူတွေကြောင့်.. ဆက်မပြောချင်တော့ပါဘူးဗျာ။