ဒီတခါတော့ ဦးမော်ကြီး နဲ့ ဒေါ်မော်ကြီး အကြောင်း ပေါ့ဗျာ။ ဘာကြောင့် နှစ်ယောက်ဖြစ်နေလဲဆိုတော့ စည်းကမ်းထိန်းသိမ်းရေးက တစ်ယောက်၊ စာမေးပွဲဌာနက တစ်ယောက်မလို့ပါ။ သူတို့နှစ်ယောက်ကို ကျောင်းသားတချို့က ကြောက်ကြပါတယ်။ တချို့ကလည်း မကြည်ကြပါဘူး။ ကျနော်ကတော့ ချစ်တယ်ဗျာ။ သူတို့ အကြောင်းတစွန်းတစတော့ ပြောထားဖူးပါတယ်။ ကြိုတော့ ပြောချင်ပါတယ်။ အာစရိယများကို စော်ကားလိုခြင်းတော့မပါသလို ကျောင်းကို သိက္ခာချချင်တဲ့စိတ်လည်း မပါပါဘူး။ ကျောင်းသားဘဝ၏ ပျော်စရာလေးတစ်ခု အနေဖြင့်သာ တင်ပြခြင်း ဖြစ်ပါသည်။ စော်ကားသလိုဖြစ်သွားရင်လည်း ဒီကနေပဲ ကန်တော့ပြီး တောင်းပန်ပါတယ် ဆရာနဲ့ ဆရာမခင်ဗျား။
ဆရာကြီး အကြောင်းအရင်ပြောရရင် သဘောကောင်းတယ်။ အပေါ်ယံ စည်းကမ်းကြီးလွန်းတယ်လို့ ထင်ရပေမယ့် ကျောင်းသားတွေကို စည်းကမ်းရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်စေတယ်။ လူငယ်တွေသဘာဝ လွတ်လွတ်လပ်လပ် ကျောင်းနေပျော်စေတယ်။ ကျောင်းနဲ့ပတ်သတ်လို့ တစ်ခုခုလုပ်မယ်ဆိုရင် ပါကြီးကို အဆင်ပြေအောင်ပြောပေးတယ်။ ဆရာကြီးရဲ့ ကျေးဇူးတွေက ပြောမကုန်ပါဘူးဗျာ။
ဒီလိုနဲ့ မိုးအုံ့အုံ့နဲ သောကြာနေ့လေး တစ်နေ့မှာပေါ့။ စနေနေ့မှက ဆေး-၁ နဲ့ ချိန်းပွဲရှိလေတော့ သောကြာနေ့ကို ပွဲနားတယ်လေ။ (ကြည့်...။ ပြောပုံက ပရီးမီးယားလိခ်မှာ ကန်နေတာကျနေတာပဲ။ ဟဲဟဲ) အဲဒါနဲ့ပဲ သောကြာနေ့ ညနေ ကျောင်းဆင်းတော့ အပေါင်းအသင်းတွေနဲ့ လှည်းတန်းက နယူးဝင်း စားတော်ဆက် (ဘီယာဆိုင်ပဲ ပြောရအောင်ဗျာ။) ကို ညှိစရာမလိုပဲ ဦးတည်လာနေပါတယ်။ ညနေမိုးလေးက အုံ့အုံ့ဆိုတော့ကား အရက်သမား၊ ဘီယာသမားတို့ရဲ့ စကားအရ ရာသီဥတုက ကိုယ့်ဘက်ပါတယ်ဆိုလားပဲ။
ဆိုင်က လမ်းထောင့်မှာလည်းဖြစ်၊ ၂ခန်းတွဲလည်းဖြစ်တော့ ရှေ့မှာက တံခါးနှစ်ပေါက်ရှိတဲ့အပြင် ဘေးလမ်းဘက်မှာလည်း တံခါးပေါက်ရှိလေရဲ့။ ဘေးတံခါးနဲ့ ဆန့်ကျင်ဘက် ရှေ့တံခါးပေါက်ရဲ့အဝမှာ ကောင်တာပေါ့ဗျာ။ ကျနော်တို့လည်း ရှေ့တံခါးဘေးက စားပွဲတစ်လုံးမှာ နေရာယူလိုက်ပြီး မှာစရာလေးတွေမှာနေတုန်း မောင်မင်းကြီးသား ဗီလိန်က ဘာသွားတွေ့တယ်မှတ်လဲ။ ဆိုင်ရဲ့ အတွင်းဘက်ထောင့်ဆုံးခုံမှာ ဦးရီးတော် ကိုကိုမော်က သူ့သူငယ်ချင်းတစ်ယောက်နဲ့ ကြိတ်ပုန်းလေး ခုတ်နေသဗျ။ မရှေးမနှောင်းဆိုသလိုပဲ သူက ကျနော်တို့အဖွဲ့ကို မြင်သွားပြီး ထွက်ပြေးဖို့ကြိုးစားပါတယ်။ သူကလည်း သိက္ခာကျမှာ ကြောက်တယ်နဲ့တူပါတယ်။ သူက စည်းကမ်းထိန်းသိမ်းရေးကိုး။
ဒါနဲ့ပဲသူက စားပွဲထိုးကိုခေါ်ပါတယ်။ စားပွဲထိုးတွေကလည်း အပြင်ဝိုင်းတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ပဲ သူ့ခေါ်တာမကြား။ သူကလည်း စိတ်မရှည်တော့တာနဲ့ ကောင်တာကို ကိုယ်တိုင်သွား ရှင်းဖို့ထအလာ အလိုက်မသိတဲ့ ဗီလိန်က ခပ်တည်တည်နဲ့ သူ့ကို မတွေ့ချင်ယောင်ဆောင်ပြီး ကောင်တာမှာ ဆေးလိပ်ထယူပါတယ်။ ကောင်တာဆီလာနေတဲ့ သူ့ခြေလှမ်းတွေ တုန့်ကနဲ့ ရပ်သွားပြီး ဘာလုပ်ရမှန်းမသိတာနဲ့ပဲ ဆိုင်အနောက်ထဲကို ဝင်သွားပါတယ်။ ပြန်ထွက်လာတော့ စားပွဲထိုးလေးတစ်ယောက် ရောက်လာပြီး ငွေရှင်းပြီး ဘေးပေါက်ကထွက်ဖို့ ကြိုးစားပါတယ်။ ရိပ်မိပြီးသား ကျနော်ကလည်း သူငယ်ချင်း ၂ယောက်ကို လက်ကုတ်ပြီး ဘေးပေါက်တံခါးအကွယ်မှာ စောင့်နေလိုက်တာပေါ့။ ပုဏ္ဏားကွယ်ကစောင့်နေတဲ့ ကျနော်တို့ကိုမမြင်ပဲ လစ်ပြီဟေ့ဆိုပြီး ထွက်လာရော တံခါးအကွယ်မှာ စကားပြောချင်ယောင်ဆောင်ပြီး စောင့်နေတဲ့ ဗီလိန်တို့နဲ့ တည့်တည့်ကိုတိုးတော့တာပေါ့ဗျာ။
“ဟာ ဆရာကြီးပါလား။ အထဲမှာ ထိုင်နေတာလား။ တစ်ယောက်တည်းလား။ ခုနက မတွေ့မိဘူး။” ဆိုတော့
မျက်နှာကြီးက နီရဲသွားပြီး “အေးကွာ၊ သူငယ်ချင်းတစ်ယောက်နဲ့။ ပြီးပါပြီကွာ။ ပြန်တော့မလို့ပါ။” လို့ ရှက်ရှက်နဲ့ ပြောပြီး ပြေးပါလေရောဗျာ။
အဲဒီနေ့ကစပြီး ဆရာကြီးက ကျောင်းမှာဆို ကျနော်တို့ကို ဝေးဝေးကရှောင်ပါလေရောဗျာ။ တိုက်တိုက်ဆိုင်ဆိုင် ကြုံဖြစ်ရင် ကျနော်တို့ကလည်း အလိုက်မသိ။ “ဆရာ။ သွားမယ်လေဆိုပြီး မေးလေးငေါ့ပြလိုက်ရင်” “အေးပါကွာ မင်းတို့ပဲသွားကြပါကွာ။” ဆိုပြီး ပြန်ပြောတော့တာပဲ။ ပြန်ဖွမှာကြောက်သေးတာကိုး။ ဟီးဟီး။ မဖွပါဘူး။ ဘလော့ပေါ်ပဲ တင်ရေးလိုက်တာ။ :) အမှန်ကတော့ အဲ့ဒီနေ့က သူသောက်နေတာမဟုတ်ပါဘူး။ သူ့သူငယ်ချင်း ဘီယာသောက်တာကို အဖော်ပြုစကားပြောရင်း အအေးလေးဘာလေး သောက်နေတာပါ။ ကျနော်တို့ကိုမြင်သွားတော့ ဘီယာမသောက်တတ်တဲ့ သူ့အဖို့ကျောင်းသားတွေရှေ့မှာ ပြောစရာဖြစ်မှာစိုးလို့ ထွက်ပြေးတာပါ။ ဆရာကြီးက ဗီလိန်နဲ့တွေ့တာကံဆိုးတာပဲနော်။ ဟီးဟီး။
စာမေးပွဲဌာနက ဆရာမကြီး အကြောင်းကတော့ တစွန်းတစပြောပြီးသားပါ။ ကျောင်းပုံပြင်(၁) မှာ တစ်ခါရေးပြီးပြီ။ နောက်တစ်ခုပြောရရင်။ ပထမဆုံး စပလီထိတုန်းကပါ။ စပလီထိရင် ဖြေဖို့ ဖောင်ပြန်တင်ရပါတယ်။ ဗီလိန်တို့က ခပ်တုံးတုံး ဆိုတော့ ဖောင်တင်ရမှန်းမသိ။ မနက်ဖြန်ဖြေရမှာကို ဒီနေ့မှ ရောက်သွားတာ။ ထိတာက မေဂျာ။ မိုင်နာတွေက ဖြေတောင်ဖြေနေပြီလေ။ ဒါတောင် သူငယ်ချင်းတစ်ယောက် ပြောလို့ ဖောင်တင်ရမယ်မှန်း သိတာ။ စာမေးပွဲဌာနကို မနက်စောစောရောက်သွားတော့ ဆရာမကြီးက မရောက်သေးဘူး။ စာရေးမတွေက ဖောင်ပိတ်သွားပြီ။ မရတော့ဘူးလို့ပဲ ပြောနေတော့တာပဲ။ ဒါဆိုဘယ်လိုလုပ်ရမလဲ။ ဘယ်လိုမှလုပ်လို့မရဘူး။ နောက်နှစ်ဝက် စောင့်ပြီးမှဖြေတဲ့။ အဲဒါမှ ဒွတ်ခပဲ။ လုပ်ပါဗျာ။ ဘာညာနဲ့ပြောတော့လဲ။ သူတို့က သူတို့နဲ့တင်မပြီးကြောင်း သက်ဆိုင်ရာ ဌာနကို စာမေးပွဲရှုံးတဲ့လူ အရေအတွက်အလိုက် မေးခွန်းထုတ်ခိုင်းရကြောင်း ပြောပြီးငြင်းနေတုန်း ကျေးဇူးရှင် ဆရာမကြီးရောက်လာပြီး မိုးမွှန်အောင်ဆူပါလေရော။ စိတ်ကလည်းကြီးပါ့ ဆရာမကြီးရယ်။ ကျနော်လည်း မသိလို့ဟာကို။
ဒါနဲ့ပဲ။ ကဲကဲ ဖောင်တစ်စုံဖြည့်ပြီး ငါနဲ့လိုက်ခဲ့ဆိုပြီး ကျနော်တို့ဌာနမှူးဆီကို ခေါ်သွားပါတယ်။ ဖြစ်ချင်တော့ အဲဒီဘာသာကျတဲ့သူက ကျနော်တစ်ယောက်တည်း။ အဖော်ရှိရင်တောင် မေးခွန်းကိုကော်ပီ ဆွဲရုံပဲ။ အခုဟာက ကျနော်တစ်ယောက်တည်းအတွက် သက်သက်မေးခွန်းတစ်စုံ ထပ်ထုတ်ရမှာဆိုတော့ ဌာနမှူးက မဖြစ်နိုင်ဘူး မရဘူး။ နောက်နှစ်မှဖြေတော့ကြီး ပြောတော့တာပဲ။ အဲဒီမှာ အခြေအတင်စကားတွေ ပြောကြပြီး မေးခွန်းတစ်စုံထုတ်ပေးဖို့ သဘောတူညီချက်ရသွားပါတယ်။ ဌာနကပြန်တော့ ထပ်ပြောပါတယ်။ နင်တို့က စာမေးပွဲကိုအောင်အောင်လည်း မဖြေဘူး။ စပလီကျတော့လည်း ဖောင်လာမတင်ဘူး။ ငါတို့က ဒီထက်ပိုပြီးဘာလုပ်ပေးရဦးမှာလဲ။ ဆိုပြီး ပွစိပွစိနဲ့ပေါ့။ ဝူး......... တော်သေးတာပေါ့။ ဖြေစရာမေးခွန်းလေးရှိလို့။ နောက်နေ့ကျတော့ စာမေးပွဲခန်းထဲ တစ်ယောက်တည်း ဖြေရတော့တာပဲ။ အခန်းစောင့် ဆရာမက ကျနော်တစ်ယောက်တည်း ကိုစောင့်ကြည့်ရတာ။ ဘာမှလည်း လုပ်လို့ရဘူး။ ဟီးဟီး။
ဗီလိန်
ကျောင်းပုံပြင် (၁) ဗီလိန် နဲ့ အားကစား
ကျောင်းပုံပြင် (၂) ဗီလိန် နဲ့ ပထမဆုံးနေ့
ကျောင်းပုံပြင် (၃) ဗီလိန် နဲ့ စာသင်ရက်များ
ကျောင်းပုံပြင် (၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း
ကျောင်းပုံပြင် (၅) ဗီလိန် နဲ့ မော်ကွန်းထိန်းများ
Subscribe to:
Post Comments (Atom)
1 comment:
ဖတ်ရတာ ပျော်စရာ ကောင်းလိုက်တာ... ဆက်ရေးပါဦး :P
Post a Comment