ဆဋ္ဌမတန်းတုန်းက ကျောင်းသန့်ရှင်းရေးအတွက် ဆိုပြီး ဆရာမက ကြွတ်ကြွတ်အိတ်လေးတွေကို ကိုယ်ထိုင်တဲ့ ထိုင်ခုံနောက်မှာ ကိုယ်စီကိုယ်စီ ချိတ်ထားကြဖို့ နှိုးဆော်ပါတယ်။ (အခုလိုကြွတ်ကြွတ်အိတ် မသုံးရ ဆိုတဲ့ ကိစ္စမျိုးမရှိဘူးပေါ့) အမေအဖေတို့ကလည်း ကုန်စုံဆိုင်လေးဆိုတော့ အိမ်မှာက ကြွတ်ကြွတ်အိတ်တွေက တောင်လိုရာလို ပုံနေပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမ စကားဆို သိပ်အလေးထားတဲ့ ကျနော်ကတော့ ဆရာမ ပြောပြီး တစ်ပတ်တိတိ ထိုင်ခုံမှာ ကြွတ်ကြွတ်အိတ် မချိတ်ခဲ့ပါဘူး။ နောက်ဆုံး ဝမ်တိမ် ပေးသည့်တိုင် အဲဒီ့နေ့က မေ့ကျန်ခဲ့သေးသည်။ ကျောင်းခန်းထဲရောက်တော့မှ သတိရသွားတော့ မထူးပါဘူးဆိုပြီး မုန့်ဈေးတန်းက မုန့်ဆိုင်တစ်ဆိုင်မှာ ကြွတ်ကြွတ်အိတ် အကြီးတစ်လုံးဝယ်လိုက်ပါတယ်။ ဇီးထုပ် တစ်ထုပ်ကို ၅မူးပေးရတဲ့ခေတ်မှာ ၁ ကျပ်ဆိုတာ သိပ်ကိုဈေးများပါတယ်။ ဒါတောင် ကုန်နေလို့တဲ့ အဟောင်းပဲ ရှိတယ်ဆိုလို့ ဘာမှ မပြောပဲ ၁ကျပ်တန် အသစ်လေးတစ်ရွက် ထုတ်ပေးပြီး ကျောင်းခန်းထဲ ပြန်လာပါတယ်။ ဒီလိုနဲ့ ထိုင်ခုံနောက်မှာ ချိတ်ထားလိုက်ပါတော့တယ်။
သိပ်မကြာလိုက်ပါဘူး။ ကျနော်နဲ့ မလှမ်းမကမ်းမှာထိုင်တဲ့ ပန်းလေးတစ်ပွင့် ကျောင်းခန်းထဲကို ဝင်လာပြီး သူ့နေရာမှာ သူထိုင်ပါတယ်။ ပထဝီစာအုပ်ကို ထုတ်လိုက်ပြီး လက်ကျန်ဇီးထုပ်လေးကို တစ်ချက် စုတ်ကာ ဇီးထုပ်ခွံကို သူ့ရဲ့ ထိုင်ခုံနောက်ကျောမှာ ရှိတဲ့ အမှိုက်အိတ်ထဲ ထည့်ဖို့လည်းလုပ်ရော........... သူ့ အမှိုက် ကြွတ်ကြွတ်အိတ် မရှိတာတွေ့သွားတော့ ဒေါသက ငယ်ထိပ်ကို တက်ဆောင့်ပြီး မျက်နှာတွေ နီလာပါတယ်။ ပတ်ဝန်းကျင်ကို တချက်လှည့်ကြည့်ရင်း သူ့မျက်လုံး ဆုံးသွားတာက ကျနော့ ထိုင်ခုံနောက်ကျော။ ဝုန်းဒိုင်းဆို ကျနော့ခုံကို လာပြီး ကြွတ်ကြွတ် အိတ်ကို လာဖြုတ်ပါတယ်။
“ဟဲ့.. နင်ဘာလုပ်တာလဲ။”
“ငါ့အိတ် ငါပြန်ယူတာပေါ့။”
“ဘာကို နင့်အိတ်လဲ။ ခုနကမှ မုန့်ဈေးတန်းက ငါ ဝယ်လာတာ။”
“နင်ဝယ်လာတာဆို အသစ် ဖြစ်ရမှာပေါ့။ ပေးဟာ... ”
ကျနော်လည်း သူ့ကိုတွန်းချလိုက်ပြီး
“ငါ့အိမ်မှာ ကြွတ်ကြွတ်အိတ်များ ရိုက်သတ်လို့ မကုန်ဘူး။ နင့်ကိုတောင် ဖို့သတ်လို့ ရတယ်။ နားလည်လား။ နင့်အိတ် ငါက ဘာကိစ္စခိုးရမှာလဲ။”
ကျနော့အထင် ကျနော် တွန်းချလိုက်လို့ သူ ငိုသွားမည်ထင်သည်။ သို့သော် သူ မငို။ ပြန်ထလာပြီး
“နင်လိုအဆင့် ဘိတ်ချေးကောင်တွေက မခိုးလို့ ဘယ်သူ ခိုးမလဲဟဲ့...” ဆိုပြီး ကျနော့ကို ပြန်တွန်းပါတယ်။
သူတင် ကိုယ်တင် တွန်းကြ ပြုကြ ဖြစ်နေတုန်း ဘယ်သူသွားတို့မှန်းမသိလို့ ဆရာမ ရောက်လာပါတယ်။ ဆရာမက နှစ်ယောက်လုံးကို အချိန် တစ်ချိန် မတ်တပ်ရပ်နေဖို့ အပြစ်ပေးပါတယ်။ ဆရာမ အပြစ်ပေးခံရမှာစိုးလို့ ကြွတ်ကြွတ်အိတ်ဟောင်းကို ငွေ ၁ ကျပ် နဲ့ ပေးဝယ်ပြီးတော့မှ ဘာမဆိုင်ညာမဆိုင် ဒင်းကြောင့် အပြစ်ပေးခံရတဲ့အတွက် စတင်ခဲ့တဲ့ အညှိုးအတေးတွေဟာ ကျနော့နှလုံးသားကို လှိုက်စားလို့နေပါပြီ။ တရားခံကို တရားခံမှန်းမသိ တရားလိုကို တရားလိုမှန်းမသိ။ သိအောင်လည်းမလုပ်ပဲ ၂ ယောက်လုံးကို အပြစ်ပေးတဲ့ ဆရာမကိုလည်း မုန်းတီးကာ ကျနော့ရဲ့ အာစရိယ စာရင်းမှ ထုတ်ပယ်လိုက်ပါတယ်။ အစတည်းက ပညာမာန တက်နေတဲ့ သူ့ဘက်လည်း စာညံ့တဲ့ ကျနော်ကသာ တရားခံဖြစ်ရမယ်လို့ သေချာပေါက် စွပ်စွဲထားတဲ့ အတွက် ကျနော့ကြောင့် သူအပြစ်ပေးခံရတယ်ဆိုပြီး အမုန်းတွေ တစတစ အမြစ်တွယ်လို့ နေလာပါတော့တယ်။ ပန်းတော့ပန်းပဲ။ ဒါပေမယ့် ...............
ငါလည်း မနမ်းပဲ
ငါ့လာစူးတဲ့ ပန်းလေးရေ့
ငါ့ရင်က အမုန်းပန်းတွေ
မင်းအတွက် ခူးပေးချင်တယ်
နမ်းမှာလားကွယ်......
အဲဒီ့အချိန်က စလို့ ကျနော် လစ်ရင် ကျနော့ကို ဆော်ပါတယ်။ သူလစ်ရင် သူ့ကို ဆော်ပါတယ်။ သူတို့ထောင်လိုက်လို့ ကျနော် ဒုက္ခရောက်တာတွေ အပြစ်ပေးခံရတာတွေ အများကြီးရှိသလို။ ကျနော် ချောက်ချလို့ သူဒုက္ခရောက်ရတာတွေလည်း အများကြီးပါ။ ဒီလိုနဲ့ ၁၀ တန်း ဖြေပြီးလို့ အောင်စာရင်းတွေ ထွက်တော့ သူက ဘာသာစုံ ဂုဏ်ထူးနဲ့ပေါ့။ ကျနော်ကတော့ သင်္ချာလေးတစ်ဘာသာနဲ့ စစ်စစ်ပေါက်ပေါက်။ ရေစက်က ဘယ်လောက်ပါတယ် မပြောတတ်ဘူး။ အောင်စာရင်း ဖတ်တော့ သူနဲ့ ကျနော်ဆုံပြန်တယ်။ ခနိုးခနဲ့ နဲ့ ရိသဲ့သဲ့ လုပ်သွားလိုက်သေးတယ်။ ကျနော်တို့ အောင်စာရင်းတွေနဲ့ ရှုတ်ရှက်ခတ်နေတုန်း ကျနော့ တစ်ဦးတည်းသော အစ်မနဲ့ သူ့ရဲ့ အစ်ကိုလတ်တို့ အဲဒီ့နေ့မှာပဲ ခိုးပြေးကြပါလေရော။ ကျနော်ကလည်း ဘယ်ရမလဲ။ စီးတော်မြင်း ဒီတီ ဒို အစုတ်ကို စွဲပြီး သူ့အိမ်သွားပြီး ရန်ရှာတာပေါ့။ ကတ်ကတ်လန်အောင်မှ ရန်တွေ့လိုက်ကြတာ။ ပွဲကို ဆူပါလေရော။ အမှန်တော့ သူ့အစ်ကိုက ဒီလောက်လည်း မဆိုးလှပါဘူး။ သူ့ကို အမြင်ကတ်လို့ကို ကွိုင်သွားရှာတာ။
ကဲ... သောက်မြင် ကပ်စရာကောင်းတဲ့ ပန်းကလေးရေ့
ဒီကမ္ဘာမှာ ငါရှိနေသ၍
ရာသီတွေကုန် ပြက္ခဒိန်တွေဟောင်း
မပြောင်းလဲပဲ တည်မြဲဖို့
သေချာတာတစ်ခုက
နင်ဟာငါ့ရဲ့ ထာဝရရန်သူပါ။
နောက်တော့ သူလည်း မကွေးမှာ ဆေးကျောင်းသွားတက်ပါတယ်။ ကျနော်လည်း ရန်ကုန်မှာ ကြုံရာကျပန်း ကျင်လည်ကျက်စားရင်း အစ်မတို့လင်မယားဆီကနေ တချက်တချက် သူ့အကြောင်း ကြားရပါတယ်။ နောက်တော့ ဆေးကျောင်းက သူငယ်ချင်းတွေ ဆီက သတင်းထူးတခု ကြားလိုက်ရတာက ဆေးသမားလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတာပဲ။ ကျနော်ပဲ နားကြားလွဲသလားလို့ ပြန်မေးကြည့်တယ်။ ဆေးကျောင်းသားနဲ့လားဆိုတော့ မဟုတ်ဘူး။ ဆေးသမားနဲ့တဲ့။ ကျနော်ကလည်း ပြန်ပြောလိုက်ပါတယ်။ ကောင်းလိုက်တာလို့။ ကျနော်ကြိတ်ပြီး ဝမ်းသာနေမိတယ်။ နောက်ပိုင်း သတင်းတွေ ဆက်ကြားနေရတာက ဒီဘားထိပြီး ကျောင်းနားသွားတယ်လို့ ကြားတယ်။ အဲဒီ့နောက်ပိုင်းတော့ သတင်းအစအန မကြားရတော့။ အစ်မလင်မယားကလည်း ရပ်ဝေးကို ထွက်သွားကြပြီမို့ လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့ပြီ။ သူတို့ကို ပါးစပ်က ထုတ်မေးဖို့လည်း ဆန္ဒမရှိဘူးလေ။
မုန်းတတ်အောင် သင်ပေးခဲ့တဲ့
ငါမုန်းခဲ့တဲ့ ပန်းကလေးရေ
ငါပြုံးဖို့ မင်းမျက်ရည်နဲ့
ငါပျော်ဖို့ မင်းဒုက္ခလေးတွေ
ငါ့အနားမှာ ဖူးပွင့်ပေးပါဦးလားကွယ်
ကိုရွာသား ရေးခိုင်းတဲ့ ပန်းလေးတစ်ပွင့် အကြောင်းပါ။
ဗီလိန်

12 comments:
သူ့ပန်းကလည်း တစ်မျိုးပဲ
ဘာပဲဖြစ်ဖြစ်လေ ရှော့တွေကြားက နေ ပန်းခြောက်လေးထုတ်ပြီး ပြန်ရေးပေးတာ ကျေးဇူးနော့
မိုက်တယ်နော့ ကိုရွာသား ??
ဒီပန်းကတော့ အမုန်းပန်းပေါ့.... ကိုရွာသား ရေးခိုင်းတဲ့ ပန်း ကဒီလို ပန်းမျိုး မဟုတ်လောက်ပါဘူး...:P..။ ကျွတ်ကျွတ်အိတ် ကလောင်တဲ့မီး...တော်တော်နဲ့ မငြိမ်းပါလားနော်...။
စလာတကည်းက တွန်းချသတဲ့... လိန်လိန်ဟာလေ...း)
ကြွတ်ကြွတ်ပန်းထင်တယ်၊း)
အော်. . ကြွပ်ကြွပ်အိတ် .. ကြွတ်ကြွတ်အိတ်
ဘယ်လိုဖြစ်ဖြစ် ပန်းဟာ ပန်းပဲပေါ့နော်..း)
သူမုန်းတာနဲ့ မိန်းကလေးကို ဆေးသမားနဲ့ ညားစေပြီး... ကျောင်းကလဲ ထုတ်ပစ်သေးတယ်... ဒီဆရာတော်တော်ဆိုးတာပဲ...
(ဒီဇာတ်က ကိုလူထွေးဇာတ်ထက်တောင်ဆိုးသေး)
းဝ)
ဟယ် ကောင်မလေးသနားပါတယ်နော်
ဗီလိန်ရဲ့အမုန်းလည်းခံရသေး ဆေးသမားနဲ့လည်တွဲရသေး။
ညံ့ပါ့ချက်ကြီးရာ.....။ ဟားဟား ခင်ဗျားတော့ မလွယ်ဘူး သူများဒုက္ခရောက်တာ ဝမ်းသာနေရတယ်လို့ဗျာ...။
မှတ်ချက်။ ။
စာရင်းကို လိမ်လိမ်မာမာနဲ့ ဖျောက်သွားသည်ဟု ယူဆရပါကြောင်း
ဝမ်းသာဖို့မကောင်းပေမယ့် ၀မ်းသာလိုက်တာ ..
ဝမ်းသာပေမယ့် ၀မ်းသာဖို့မသင့်ဘူး ...း)
Post a Comment