မန္တလေးမြို့ ဗထူး အားကစားကွင်း၏ အဝတ်လဲခန်းတွင်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက် (Yangon Utd.) အသင်းသားများထဲမှ အချို့ကလည်း စကားမြည်ပြောနေကြသည်။ အချို့ကလည်း လက်အုပ်ချီကာ ဆုတောင်းနေကြသည်။ အချို့ကလည်း ယတြာ၊ အဆောင်များ အပြန်အလှန် စီမံပေးနေကြသည်။ အောင်ြမင်မှုအတွက် ကြိုးစားရန် စိတ်ဓာတ်ကိုလည်း အမြင့်ဆုံးထိ မြှင့်တင်ထားကြသည်။ တစ်ရာသီလုံး ကြိုးစားခဲ့သမျှ၏ မိနစ်ကိုးဆယ်သာ အနိုင်ရရုံနှင့် ရရှိလာမည့် အကျိုးခံစားခွင့်များက ကျနော်ဘောလုံးကစားခဲ့သည့် သက်တမ်းတလျှောက် အများဆုံး ဖြစ်နိုင်သည့်အပြင် ကျနော့အတွက် ဤပွဲတွင် တစ်ဂိုးသွင်းရုံဖြင့် သည်ရာသီ၏ ဂိုးသွင်းအများဆုံးဆုကို ရရှိမည့်အပြင် မြန်မာနဲလ်ရှင်နယ်လစ်ဂ်(MNL) စတင်တည်ထောင်ချိန်မှ ၁၀နှစ်အတွင်း ဂိုးအများဆုံးသွင်းသူအဖြစ်ပါ စံချိန်တင်နိုင်တော့မည်။ သို့သော် ပြိုင်ဘက်အသင်းဖြစ်သည့် အစဉ်အလာကြီးများခဲ့သော ရတနာပုံအဖ်စီ (Yatanarbon FC) အတွက် သည်ပွဲတွင်အမှတ်မရပါက ပထမတန်းသို့ ဆင်းရမည့် အနေအထားတွင် ဖြစ်နေသည်။
နည်းပြချုပ်၏ အော်ခေါ်သံကြောင့် အောင်ပွဲအတွက် ကစားသမားများအားလုံး ညာသံပေးကာ ကွင်းဝင်တန်းစီရန် ထွက်ခွာ နေကြစဉ် အဝတ်လဲခန်း၏ ထောင့်တစ်နေရာတွင် ထိုင်ရာမှ မထသေးသည့် ကျနော့ပုခုံးကို လာပုတ်သူကား ကျောင်းတုန်းက တခန်းထဲ သူငယ်ချင်းဟောင်းလည်း ဖြစ်၊ ရန်ကုန်ယူနိုက်တက် အသင်း၏ လက်ရွေးစင်ဂိုးသမားလည်း ဖြစ်သည့် ရဲအာကာဖြစ်သည်။ ကျနော့၏ ခံစားချက်များကို သဘောပေါက်နားလည်သော အကြည့်ဖြင့် နှစ်သိမ့်ကာ ခေါင်းငြိမ့်ပြလေသည်။ ရဲအာကာကမ်းပေးသည့် လက်ကို ဆွဲကာ ထိုင်ရာမှ ထလိုက်သည်။ သက်ပြင်း တချက်ချရင်း။ တန်းစီနေသည့် ကစားသမားများနှင့်အတူ ဝင်ရောက်တန်းစီလိုက်သည်။ တန်းစီနေစဉ် တဘက် ကစားသမားများ၏ အကြည့်များကို ရှောင်လွှဲရန် မျက်လုံးအစုံကို မှိတ်ထားနေမိသည်။ မကြာမီ ကစားသမားများ ကွင်းတွင်းသို့ဝင်ရန် တံခါးဖွင့်ပေးလိုက်သည်နှင့် ရန်ကုန်ယူနိုက်တက် ပရိတ်သတ်ဘက်မှ ပထမဆုံး ကြားရသည်ကား ကျနော့နာမည်။
ထို့နောက် အသင်းဓာတ်ပုံရိုက်ပြီး အသင်းခေါင်းဆောင်နှင့် ဒိုင်လူကြီးများ သက်ဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်နေကြစဉ် ဗထူးအားကစားကွင်းကြီး၏ လေးဘက်လေးတန်ကို တရှိုက်မက်မက် ကြည့်ကာ သက်ပြင်းပူတစ်ချက်ချလိုက် မိပြီး မကြာမီ ကွင်းလယ်မှတ်ကို သွားရင်း စပေးဘောလုံးထိကာ ပွဲစဉ်စလိုက်သည်။ ပထမပိုင်း ၄၅ မိနစ်လုံးလုံး ကျနော့အတွက် အခွင့်အရေးများကို တတ်နိုင်သမျှ ရှောင်နေခြင်းကို ပရိသတ်ရော နည်းပြများပါ သတိမထားမိကြ။ အပိုင်ဘောလုံးများကို ကပ်သီးကပ်သပ် လွဲချော်နေသော ကျနော့၏ ဂိုးသွင်းချက်များကြောင့်လည်း အားလုံးက ဟာကနဲ ဟင်ကနဲ ဖြစ်နေကြသည်။
ပထမပိုင်းပွဲသိမ်းခရာ မှုတ်ပြီး နည်းပြချုပ် Mc Benny က ကျနော့ကစားပုံမှာ ကောင်းကြောင်း၊ သို့ရာတွင် ဒီ့ထက်ပို၍ အာရုံစူးစိုက်သင့်ကြောင်း ပြောကာ ဒုတိယပိုင်းကစားမည့် ကစားကွက်ကို ပြသည်။ ၄-၅-၁ ။ ထိုကစားကွက်ကို မြင်မြင်ချင်း ကျနော့၏ ဦးနှောက်တွင်းသို့ လွန်ခဲ့သည့် လေးနှစ်က ပုံရိပ်ဟောင်းများဖြတ်ပြေးသွားသည်။ ပရော်ဖယ်ရှင်နယ် ကစားသမားဘဝ၌ ပထမဆုံးဆရာဖြစ်သည့် ရတနာပုံအဖ်စီ အသင်း၏ နည်းပြချုပ် ဆရာဦးတင့်မောင်က ကျနော်ပါသည့် ပွဲစဉ်တိုင်းနီးပါး၏ ပုံမှန်ကစားကွက်ကား ၄-၅-၁ ။ Lone Striker တစ်ဦး အဖြစ် ရတနာပုံအဖ်စီ (Yatanarbon FC) အသင်းကြီးတစ်ခုလုံး၏ ဂိုးသွင်းတာဝန်ကို ကျနော်အား ယုံယုံကြည်ကြည် ပုံအပ်ထားခဲ့ဖူးသည်။ ကျနော်ကိုယ်တိုင်ကလဲ တာဝန်ကျေနိုင်ခဲ့သည်။ လမ်းဘေး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများတွင် ကစားခဲ့သော အညတရလေးတစ်ဦးမှ မြန်မာနဲလ်ရှင်နယ်လိဂ်(MNL) သက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး ဂိုးသွင်းဘုရင်တစ်ဦး အဖြစ်ရပ်တည်လုဆဲဆဲအထိ မြေတောင်မြှောက်ပေးခဲ့သည့် နည်းပြချုပ် ဆရာဦးတင့်မောင်နှင့် ရတနာပုံအဖ်စီ (Yatanarbon FC) အသင်း၊ ဗထူးအားကစားကွင်းကြီးကို ငါ့အိမ် ငါ့မြေဟု ကြွေးကြော်ခဲ့ဖူးသည့် ယခု ရန်ကုန်ယူနိုက်တက် (Yangon Utd.) အသင်း တိုက်စစ်မှူးတစ်ဦး၏ ခံစားချက်။ အသင်း၏ ဘတ်ဂျတ်အခြေအနေအရ ကျနော့ကို ထုတ်ရောင်းခဲ့စဉ်က ကျနော့အား သားအရင်းတစ်ဦးပမာ ချစ်သည့် ဆရာဦးတင့်မောင်၏ မျက်ရည်ဝိုင်းနေသည့် မျက်ဝန်းတစ်စုံ။ အားလုံးကို မျိုချပြီး ဒုတိယပိုင်းပွဲစဉ်အတွက် ကွင်းအတွင်းသို့ ပြန်လည်ပြေးဝင်ခဲ့ပြီ။
ပထမပိုင်းတစ်ပိုင်းလုံး ခြေအသာဖြင့် ၀-၀ ရလဒ် အားမလိုအားမရဖြစ်နေသည့် ပရိသတ်များထံများ ကျနော့ နာမည်ကို ပြတ်သားစွာကြားနေရသည်။ ဒုတိယပိုင်း ၈၄ မိနစ်တွင် အသင်းခေါင်းဆောင် မြတ်သူရမှ ဖန်တီးပေးလိုက်သော ဘောလုံးက တဘက်နောက်တန်းများကို ကျော်ကာ ကျနော်၊ ဘောလုံးနှင့် ဂိုးသမား သာကျန်တော့သည်။ ကျနော့၏ နှလုံးခုန်သံကို ကျနော်ပြန်ကြားနေရသည်။ မြန်မာတစ်နိုင်ငံလုံးမှ ပရိတ်သတ်၏ ရင်တမမ အကြည့်က ကျနော့အပေါ်တွင် စုပြုံနေသည်။ ဘောလုံးကို ဂိုးသမားက လှမ်းအဆွဲ အသာတို့၍ လိမ်လိုက်ကာ ၅ မီတာအကွာမှ ဂိုးတိုင်အတွင်းသို့ ကန်ထည့်လိုက်ရင်း မြက်ခင်းပြင်သို့ လဲကျသွားသည်။ ကျနော့် မျက်နှာတစ်ခုလုံး မျက်ရည်တွေရွှဲကာ မြက်ခင်းပြင်တွင် ပက်လက်လှန်ကာ ငိုနေမိသည်။ ပရိတ်သတ်၏ အားပေးသံနှင့်အတူ ကျနော့ဘေးသို့ အသင်းသားများ ဝိုင်းကာ ဂုဏ်ပြုကြသည်။ ဆူညံပွက်လောရိုက်နေသည့် အားပေးဂုဏ်ပြုသံများကြားထဲမှ တိုးထွက်ကာ ကျနော့ နားတွင် ကြားယောင်နေမိသည်ကား ဆရာဦးတင်မောင်၏ စကားတစ်ခွန်း
“တကယ်တော့ ပရော်ဖယ်ရှင်နယ် ကစားသမားတစ်ဦးရဲ့ ဘဝဟာ သူ့ကိုယ်သူမပိုင်ဘူး။ သူ့ကို ချစ်တဲ့ သူ့ကို မြတ်နိုးတဲ့ အားကစား ပရိတ်သတ်ကြီးအတွက် ဘာပဲဖြစ်ဖြစ် တာဝန်ကျေအောင် ပေးဆပ်ရမှာပဲ။”
ဟုတ်ပါတယ်ဆရာ။ ကျနော့ကို မွေးထုတ်ခဲ့တဲ့ မိခင် ရတနာပုံအဖ်စီ (Yatanarbon FC) နဲ့ ကျနော့ နှလုံးသားကို ရင်းပြီး ပရိတ်သတ်အတွက် ဒီဂိုးကို သွင်းခဲ့ပါပြီ ဆရာ။ သွင်းခဲ့ပါပြီ.................
ဗီလိန်
*အသင်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလိုခြင်း အလျင်းမရှိကြောင်း ဝန်ခံပါသည်။*

12 comments:
ဝေ.......... သိပ်တော့ နားမလည်ဘူးကွယ်...အဟဲ ဒါပေမယ့် တော်တော် ဖတ်လို့ကောင်းတယ်...။ နားမလည်ဘူးဆိုတာ... ရေးထားတာကို ပြောတာ မဟုတ်ဘူးနော်...။ ဘောလုံးပွဲတွေ ရဲ့ အထာကိုပြောတာပါ... ဒါပေမယ့် သူ့ ပရိသတ်နဲ့ သူ့ အသင်းအတွက် သူ မသွင်းချင်တဲ့ ဂိုးကို သွင်းပေးလိုက်ရတာလား... အဲ့ဒီ ဂိုးကို မသွင်းချင်တာက (အသင်းဟောင်း) နဲ့ ဆရာရင်း အတွက်လား ? :))
ဟာ... တွေ့ပြီး
အခုမှ.. တိုက်စ်မှုးကောင်းကိုပေါ့
ကျွန်တော်ကတော့..ဟဲ ဟဲ.. ရက်ကွပ်မှာဆိုရင်..
အောက်တန်းကစားတာကောင်းလွန်းလို့..
အုတ်တံတိုင်းကြီးလို့တောင် တစ်မျို့လုံးခေါ်ကြတာ.. လာမလိမ်နဲ့.. ဟင့်အင်း... မရဘူး.. ကျော်ကိုမကျော်နိုင်ဘူး
ကျွန်တော်ကလည်း နောက်ဆုံးမနိုင်ရင် အရှုံးမပေးဘူး
ဖမ်းဆွဲတော့တာပဲ..းP
ပျော်ရွှင်ပါစေဗျာ
စည်သူ။
အဓိက ဘယ်အားကစားမဆို ပရိုပီသဖို့ လိုအပ်ပါတယ်။ ဒီအတိုင်းပဲ လူသားတိုင်းမှာလဲ တည်ငြိမ်တဲ့ စိတ်ဓါတ်၊ ရိုးသားတဲ့၊ ဖြောင့်မတ်တဲ့ စိတ်ဓါတ်လေးတွေလဲ လိုအပ်ပါတယ်း) မှတ်သွားတယ်
လေးစားလျက်
တောင်ပေါ်သား
ဘာပဲဖြစ်ဖြစ် တယောက်ကောင်းရုံနဲ့ မနိုင်တာတော့ သေချာပါတယ်။
အကိုရေ...ဘောလုံးဆို ဘောလုံးပဲ သိတယ် ကျန်တာတော့ သိဘူး..
စာလေးကတော့ဖတ်လို့ကောင်းတယ်
ဖီအိုရင်တီးနားဘက်ကို ဘာတစ်တူတာ ဂိုးသွင်းလိုက်ပြီး ငိုနေပုံကို ပြန်မြင်ယောင်မိတယ်ဗျာ။
အမှန် အတိုင်းပြောရရင် အဲဒါလေးကို တုပပြီးရေးထားတာပါ နွေဆူးလင်္ကာ။ ဘယ်သူများပြောမလဲလို့ စောင့်ကြည့်နေတာ။ နွေဆူးလင်္ကာက မဲပေါက်သွားပါတယ်။ :)
ဖတ်လို့သာပြီးသားတယ် စိတ်ထဲမှာ တွေးနေတုန်း... ရေးတတ်တယ် လိန်လိန်ရယ်...
ဘောလုံးပွဲတော့ဝါသနာမပါပေမယ့်၊ ဘောလုံးအကြောင်း
ရေးထားတဲ့ ဒီစာကိုတော့အသေအချာဖတ်ဖြစ်ပါတယ်။ ဗီလိန်ကိုယ်တိုင်များဝင်ကန်နေသလားလို့ ...း)
တော်တော်အရေးကောင်းတယ်ဗျို့ ။
အဆင်ပြေပျော်ရွှင်ပါစေ။
ကောင်း၏
အဲဒီခေတ်လောက်ဆိုရင်တော့ တိုက်ဂါးလေး၊ မာဒေးကားလေး တလုံးတလေ ရကောင်းရဲ့နော့်
တော်ပါပေတယ် မောင် ဗီးရေ..
တိုက်စစ်မှုး လက်ရွေးစင်တိုက်စစ်မှုး
ဟိ....
မြန်မာနိုင်ငံသားဘောသမားတစ်ယောက်ဆိုရင်တော့မှန်မယ်အကိုရေ။နိုင်ငံခြားတော့ကျွန်တော်မထင်ဘူးဗျ
Post a Comment