ဘဝတစ်ခု ညတစ်ခု

ညက တိတ်ဆိတ်လှသည်။ လမ်းသွားလမ်းလာတွေကတော့ အနည်းငယ်ရှိနေသေးသည်။ ဤနေရာတွင် ကျနော်ရောက်နေတာ ၃ နာရီနီးပါးရှိပြီ။ ဤနေရာဆိုသည်ကား ဦးထွန်းမြတ် အိမ်ဘေးလမ်းမနှင့် ကပ်ရပ်ရှိ ထူထပ်နေသော ပုဏ္ဏရိပ်ပင်များ၏ နောက်ကွယ် တစ်နေရာတွင်ဖြစ်သည်။ နာရီလက်တံက ၉ နာရီ ၁၀ မိနစ်။ အနီးအနားရှိ အိမ်တချို့ မီးများပိတ်သွားပြီ ဖြစ်သော်လည်း ခပ်မှိန်မှိန် ကြို့တို့ကျဲတဲ လမ်းမီးတိုင်များကြောင့် အလင်းရောင်က ရှိနေသေးသည်။ ဦးထွန်းမြတ်ခြံဘေးမှ လမ်းမီးတိုင် ၂ ခုကတော့ လွန်ခဲ့သော ၃ ရက်လောက်ကတည်းက လေးဂွနှင့်ပစ်ကာ မီးသီးများကို ဖယ်ရှားထားပြီးပြီ။ ဦးလေးငတာက ဦးထွန်းမြတ်အိမ်မှ ခွေးလွှတ်ချိန် ၇ နာရီ ခွဲခန့်မတိုင်ခင်ကတည်းက အမဲတုံးများ ခြံတွန်းသို့ ပစ်ထားပြီး ဖြစ်နေပြီ။ အချိန်၏ တိုက်စားမှုကို ရေတွက်ရင်း အတွေးများက အတိတ်တနေရာဆီသို့ ပြန်ရောက်ခဲ့ပြန်ပြီ။

ကြိတ်ကြိတ်တိုးသည့် ဈေးထဲတစ်နေရာတွင် ပိန်လှီနေသည့် ကောင်လေးတစ်ဦး ဟိုဟိုဒီဒီ ကြည့်နေသည်။ မုန့်ဟင်းခါးဆိုင်မှ အကြော်စုံထည့်ပေးနေသည့် အဒေါ်ကြီး၏ လက်ထဲမှ မုန့်ဟင်းခါးကို ကြည့်ရင်း တံတွေးမျိုချလိုက်သည်။ မုန့်ဟင်းခါးဆိုင်နားသို့ ရောက်သည်နှင့်
“ဟိုကောင်လေး.... သွားသွားဝေးဝေးနေ။ ဒီမှာ မုန့်စားနေကြတာ။ အနားမကပ်နဲ့။”
မျှော်လင့်ထားသည်ကား မုန့်ဟင်းခါး။ ရရှိလိုက်သည်ကား ခွေးတစ်ကောင်အလား ဆက်ဆံလိုက်သည် စကားတစ်ခွန်း။ အံကိုကြိတ်လိုက်သည်။ အခြားသော ဆီချက်ဆိုင်၊ ထမင်းကြော်ဆိုင်၊ လက်ဘက်ရည်ဆိုင် အားလုံးကို ကြည့်လိုက်မိ၍ ကောင်လေး၏ လည်ချောင်းမှ လည်စိက နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ အနားသို့တော့ မကပ်ရဲတော့။ ဗိုက်ကလည်း ဆာလှပြီ။ အားလုံးကို စိတ်ပျက်လက်လျှော့စွာဖြင့် ဈေးတွင်းမှထွက်လာခဲ့သည်။ ဈေးဝသို့ရောက်သော် ရုတ်တရက် အတွေးတစ်ခုက ပေါ်လာသည်။ မျက်စိကလည်း ဈေးထိပ်မှ လူကြိတ်ကြိတ်တိုးနေသည့် သစ်သီးဆိုင်။ သစ်သီးသည်က ဝယ်သူများရွေးထားသည့် သစ်သီးများကို ကြွတ်ကြွတ်အိတ်ဖြင့် ထည့်ပေးနေသည်။ ကောင်လေးလည်း အနားသို့တိုးသွားသည်။ ဈေးဝယ်သူများ တိုးဝှေ့နေသဖြင့် ဆိုင်ရှင်က ကောင်လေးကို သတိထားမိပုံမပေါ်။ ထို့ကြောင့်လည်း ဟောက်ငန်းသံ မထွက်ပေါ်လာ။ သစ်သီးဗန်း၏ ထောင့်စွန်းသို့ တဖြည်းဖြည်း ချဉ်းကပ်သွားရင်း ဆိုင်ရှင်ကို အကဲခတ်နေလိုက်သည်။ လက်များက တုန်ရင်နေသည်။ မျက်လုံးကလည်း တောင်ကြည့်မြောက်ကြည့်ဖြင့် အလုပ်ရှုပ်နေသည်။ ဆိုင်ရှင် ဟိုဘက်လှည့်၍ ပိုက်ဆံအမ်းသည့် အချိန်အတွင်း သစ်သီးဗန်း၏ထောင့်ဆုံးမှ ပန်းသီးတစ်လုံးကို လှမ်းယူလိုက်ကာ အင်္ကျီဗိုက်ထဲသို့ ထိုးထည့်လိုက်သည်။ လက်များကတော့ တုန်ရင်နေဆဲ။ ခြေလှမ်းများကတော့ သွက်လှသည်။ လူပြတ်သည့် ဈေးထောင့်တစ်နေရာသို့ အမြန်ဆုံးနှုန်းဖြင့် သွားလေတော့သည်။ လူလစ်သည်နှင့် အင်္ကျီအတွင်းမှ ဝှက်လာသည့် ပန်းသီးကို ထုတ်ကာပျော်ရွှင်စွာဖြင့် ကြည့်ကာ စားမည်အပြု.......

လူကြီးလက်တစ်ချောင်းက လက်ထဲမှ ပန်းသီးကို လုယူသွားသည်။
“ဟာ... ဟေ့လူ ပြန်ပေးဗျာ။ ကျနော့ ပန်းသီးပြန်ပေး။”
မျက်ရည်များက ဝဲလာပြီ။ အသံများလည်း တုန်နေသည်။ ဗိုက်ထဲမှ ပူလောင်သည့် ဝေဒနာကကြောင့်လည်း ပါမည်ထင်သည်။ လူကြီး ပန်းသီးကို တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက် တည်ငြိမ်အေးချမ်းစွာဖြင့် ကောင်လေးကို ပြန်ပြောသည်။
“ဒါ မင်းပန်းသီးလား။”
ပြတ်သားတိုတောင်းလှသည့် မေးခွန်းအတွက် ကောင်လေးမှာ အဖြေမရှိ။ မျက်ရည်များ ထပ်၍ စို့တက်လာရင်း တံတွေးမျိုချလိုက်သည်။
“အေး မင်းပန်းသီးမဟုတ်ရင် မင်းမစားနဲ့ပေါ့ကွ။”
ဟုဆိုကာ နောက်တစ်ကိုက်ထပ်ကိုက်လိုက်သည်။
“ခင်ဗျားကြီးရဲ့ ပန်းသီး မဟုတ်ဘူး။ ခင်ဗျားကြီး မစားနဲ့။ အဲဒါကျနော် ခိုးလာတာ ကျနော့ပန်းသီး။”
“ဟားဟား ကြိုက်သွားပြီကွာ။ ဒါမျိုးမှပေါ့ကွ။ မှန်တယ်။ မင်းခိုးလာတာ မင်း ပစ္စည်းပဲ။ မင်းခိုးတာမိရင် မင်းခံရမယ်။ မင်းခိုးတာ လွတ်သွားပြီဆိုမှတော့ မင်းပစ္စည်းဖြစ်သွားပြီ။ အေးခု မင်းပန်းသီးကို ငါစားလိုက်ပြီး မင်းကို မုန့်ဟင်းခါး ပြန်လိုက်ကျွေးမယ်။ ငါနဲ့လိုက်ခဲ့။”.....................

“ဟားဟားဟားဟားဟားဟားဟား”
ဘီယာဆိုင်မှ ပြန်လာကြသည့် လူငယ်တစ်စု၏ ရယ်သံကြောင့် အတွေးများ ရပ်သွားသည်။ နာရီကြည့်လိုက်တော့ ၁၀ နာရီထိုးတော့မည်။ သိပ်မကြာလိုက် ဦးထွန်းမြတ်၏ အိမ်က မီးများပိတ်သွားသည်။ ကွမ်းတညက်ခန့်ကြာသော်..... ပုဏ္ဏရိပ်ပင်များကြားမှ အသာထွက်လိုက်သည်။ ခြံစည်းရိုးကို ကျော်လိုက်သည်။ သိပ်မမြင့်လှသော်လည်း သံဆူးကြိုးများ ကြောင့် အတော်လေး ခဲရာခဲဆစ် တက်လိုက်ရသည်။ ခြံတွင်းသို့ရောက်တော့ အသာငြိမ်နေလိုက်သေးသည်။ ဘာသံမှ မကြားရ။ ခပ်လှမ်းလှမ်းတွင် အိပ်ပျော်နေသည့် ခြံစောင့်ခွေး နှစ်ကောင်ကို တွေ့နေရသည်။ ဦးလေးငတာ၏ အမဲတုံးအစွမ်းပြနေလေပြီ။ ထို့နောက် အိမ်အနီးသို့ ချဉ်းကပ်သည်။ နံရံကို ကျောဖြင့်ကပ်ထားပြီး နောက်ဖေးပေါက်သို့ အသာအယာ တိတ်တဆိတ် သွားလိုက်သည်။

နောက်ဖေးတံခါးဆိုသော်ငြား Solex နှစ်ဘက်လှည့် သော့ဖြစ်သည်။ ကံကောင်းသည်က နှစ်ဘက်လှည့်သော့ ဖြစ်နေသည်။ Solex ပင်ဖြစ်သော်ဖြစ်ငြား နှစ်ဘက်သော့များ၏ အားနည်းချက်ကား အားလုံးတူတူပင်။ ခါးပတ်အိတ်ထဲမှ လက်တစ်ဝါးခန့် ဓာတ်မှန်ပြားကို ထုတ်လိုက်သည်။ တံခါးနှင့် ကျည်းဘောင်ကြားသို့ ထိုးထည့်လိုက်သည်။ လက်ကလည်းတုန်နေသည်။ အရင်အခေါက်တွေက ဦးလေးငတာပါသည်။ ဒီတစ်ခါတော့ တစ်ယောက်တည်း စမ်း၍ လွှတ်လိုက်ခြင်းဖြစ်သည်။ တံခါးသော့ကို လက်တစ်ဘက်က ကိုင်ထားရင်း ဓာတ်မှန်ပြား၏ အကူအညီဖြင့် လျှာထိုး စပရင်လေးကို တံခါးတွင်းသို့ ထိုးထည့်ကာ ရအောင်ဖွင့်ကြည့်သည်။ တော်တော်နှင့်မပွင့်။ အပြင်ဖွင့်တံခါးမို့ အတွင်းဖွင့်တံခါးလောက်တော့ မလွယ်ကူလှ။ ၁၀ မိနစ်ခန့် ကြိုးစားကြည့်ရင်း မရတော့မှ တစ်မျိုးပြောင်း၍ စဉ်းစားရသည်။ သော့ပေါက်ကို ကြိုးစားကြည့်မည်။ နားဖားကလော်တံ သာသာ သံချောင်းလေးနှစ်ချောင်းကို ထုတ်သည်။ ဦးလေးငတာ ဆိုလျှင်တော့ လွယ်ကူလိမ့်မည်။ ကျနော့အတွက်တော့ သိပ်မကျွမ်းကျင်လှပေ။ သော့ထစ် စုစုပေါင်း ၆ ထစ်ဖြစ်သည်။

ပါးစပ်တွင် ဓာတ်မီးငယ်လေးကို ကိုက်ကာ ညာဘက်လက်ဖြင့် သံချောင်လေး နှစ်ချောင်းကို အလိုက်သင့်ကိုင်ထားရသည်။ ဘယ်ဘက်လက်က တံခါးသော့ကို တင်းနေအောင် လှည့်ထားရသည်။ ပထမ ၃ ထစ် အောင်မြင်သွားပြီ။ စတုတ္ထထစ်ကို ကလော်လိုက်တော့ လွဲသွားပြီ။ ရှေ့ ၃ထစ်ပါ ပြန်ပြုတ်သွားသည်။ ချွေးတစ်ချက်သုတ်ရင်း နောက်တစ်ကြိမ် ကြိုးစားကြည့်သည်။ ဒီတစ်ကြိမ်လည်း လွဲသွားပြန်သည်။ အကြိမ်ကြိမ်ကြိုးစားရင်း ၅ ထစ်မြောက်ကို အောင်မြင်သွားပြီ။ ၆ ထစ်မြောက်ကို ကလော်လိုက်စဉ်.......
“ထောက်”
နောက်ဖေးခန်း မီးပွင့်လာသည်။ ကျောတွင် ကြက်သီးများ ထသွားပြီး ဦးခေါင်းဆံပင်ရင်းမှ ချွေးများထွက်လာကာ ရှိန်းကနဲဖြစ်သွားသည်။ အနီးရှိ ရေတိုင်ကီဘေးတွင် ကျနော်ဝင်ပုန်းလိုက်သည်။ အထဲမှ တံခါးဖွင့်သံကြားရသည်။ ကျနော့ဒူးတွေ တဆတ်ဆတ်တုန်နေသည်။ အဲ့သည်နောက် သိပ်မကြာလိုက် ရေများ ဝေါကနဲ ကျဆင်းသံကို ကြားလိုက်ရသည်။ အဲသည်တော့မှ ဖူး......... ချနိုင်တော့သည်။ အပေါ့သွားသည်ပဲ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး နောက်ထပ် ၁၀ မိနစ်တော့ ထပ်စောင့်ရပေဦးမည်။ ခြင်ကလည်း ကိုက်သည်။

တအောင့်နေတော့ ည၏တိတ်ဆိတ်ခြင်းက သူ့နေရာသူ ပြန်နေသည်။ ကျနော်လည်း ကျနော်လုပ်ငန်း ကျနော်ပြန်စသည်။ ဒီတစ်ကြိမ်တော့ လွန်ပူနှင့်ဖောက်ရုံသာ ကျန်တော့သည်။ မဖောက်ခင် ဓာတ်မှန်ပြားဖြင့် တစ်ခေါက်လောက် စမ်းကြည့်ချင်သေးသည်။ ဓာတ်မှန်ပြားကိုပြန်ထုတ်ပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်သည်။ ထုံးစံအတိုင်း လက်တစ်ဘက်ဖြင့် တံခါးလက်ကိုင်ကို ကိုင်ထားပြီး နောက်တစ်ဘက်ဖြင့် ဓာတ်မှန်ပြားကို ထိုးထည့်ကာ အသာအယာ ကြိုးစားကြည့်သည်။ ကံကောင်း၍လားတော့မသိ။ သည်တစ်ကြိမ်တော့ ပွင့်သွားသည်။ တံခါးကို ဖွင့်တော့ ကျွီ...... ဆိုသည့် အသံက ညင်သာစွာထွက်လာသည်။ ပတ္တာက ဆီမရှိ၍ ဖြစ်သည်။ တံခါးချပ်ကို မကာ ဖွင့်တော့မှ အသံမထွက်ပဲ ပွင့်သွားသည်။ ကျနော်လည်း ခြေဖျားထောက်ပြီး အိမ်တွင်းသို့ ဝင်ခဲ့သည်။ မီးဖိုခန်းအတွက် အဓိက သတိထားရမည်ကား ခွေးခြေခုံများ ဖြစ်သည်။ အမှောင်ထဲတွင် ဝင်တိုက်မိနိုင်ဆုံးက ခွေးခြေခုံများဖြစ်သည် မဟုတ်ပေလား။ ကျနော် ထိုင်ချလိုက်ရင်း အသာအယာ လေးဘက်ထောက်၍ ဝင်ကာ အိမ်ခန်းမကြီးနားသို့ ချဉ်းကပ်လေသည်။ ပြီးနောက် လှေကားမှတဆင့် အပေါ်ထပ်သို့ တက်လေသည်။

အပေါ်ထပ်ရှိ ဒုတိယမြောက် ခေါင်းရင်းခန်းက ဦးထွန်းမြတ်၏ အခန်းပင်တည်း။ ပြီးခဲ့သည့် အပတ်ကမှ မီးပြင်သမားတစ်ယောက်အနေဖြင့် သည်အိမ်အနေအထား အကုန်ကြည့်ခဲ့ပြီးပြီ။ ဒီညတော့ ဦးထွန်းမြတ်တို့ လင်မယားက အိမ်တွင်မရှိ။ ခုချိန်လောက်ဆို ပဲခူးသို့ ရောက်နေလောက်ပြီ။ ဦးထွန်းမြတ်၏ သားနှစ်ယောက်နှင့် အိမ်စေများသာရှိသည်။ အခန်းတွင်းသို့ တံခါးမှ တဆင့်ဝင်ဖို့ထက် ပြတင်းပေါက်မှ ဝင်လျှင်ပို၍ သင့်တော်မည်။ အခန်းတံခါးကိုဖျက်လျှင် အသံမြည်သွားနိုင်သည်။ ဘုရားခန်းဘေး ပြတင်းပေါက်မှ တဆင့် အပြင်သို့ထွက်လိုက်သည်။ နံရံမှ အပြင်သို့ ထုတ်ထားသည့် အုတ်တန်းက တစ်ပေလောက်ဖြစ်နေ၍ သိပ်ခဲရာခဲဆစ်မသွားလိုက်ရ။ ဦးထွန်းမြတ် အခန်း၏ ပြတင်းပေါက်သို့ ရောက်လတ်သော် စိန်သွားကိုထုတ်ကာ ပြတင်းပေါက်မှန်ကို လက်တလျှိုစာ ဖောက်ရသည်။ ဖောက်သည့်နေရာကိုလည်း စုတ်ခွက်ဖြင့် ကိုင်ထားရသေးသည်။ မြဲမြဲမြံမြံ ကိုင်စရာ မရှိသဖြင့် အတော်လေးတော့ ကသီသည်။ ခုနေများ အောက်ပြုတ်ကျလျှင် မသေနိုင်သော်လည်း ခြေတော့ကျိုးမည်။ အကျိုးဆက်ကတော့ ဆက်မတွေးရဲ။

ခဏနေတော့ ပြတင်းပေါက်ပေါ်မှ လက်တစ်နှိုက်စာ အပေါက်တစ်ပေါက်ရပြီ။ ပြတင်းပေါက်မှန်တံခါးကို အသာဆွဲဖွင့်ကာ သံဗန်းတံခါးကို ကိုင်ထားလိုက်သည်။ မြဲမြဲကိုင်စရာတစ်ခုရ၍ အတော်လေး စိတ်အေးသွားရသည်။ သံဗန်းတံခါးက သော့ခတ်မထား၍ အသာအယာပင် အခန်းတွင်းသို့ ဝင်နိုင်ခဲ့လေပြီ။ နာရီကိုကြည့်လိုက်တော့ ၁၂နာရီ ခွဲ။ သိပ်အချိန်မရတော့ အမြန်ဆုံးလက်စသတ်ပြီး ထွက်မှ ဖြစ်မည်။ အနီးရှိ အဝတ်ဘီဒိုတံခါးကို ဖွင့်မည်။ အဝတ်ဘီဒို အောက်ခြေရှိ အံဆွဲတွင်းတွင်ဖြစ်သည်။ အဝတ်ဘီဒိုရှိ သော့အုံကို လွန်ပူနှင့်ဖောက်မည်အပြု........
တီတီတီတီ..... တီတီတီတီ.....
စားပွဲပေါ်မှ တယ်လီဖုန်းသံဖြစ်သည်။ ဘီဒိုဘေးသို့ အသာဝင်ပုန်းလိုက်သည်။ ဖုန်းက နှစ်ချက်မြည်ပြီး အသံတိတ်သွားသည်။ ၁၅မိနစ်ကြာသွားသည့်တိုင် ဘာမှ ထူးခြားမှုမရှိ လုပ်စရာရှိတာ ဆက်လုပ်မည်။ ကျွန်းဘီဒို၏ သော့အုံဘေးပတ်ပတ်လည်ကို လွန်ပူနှင့် ဖောက်သည်။ တံခါးပြီးတော့ အံဆွဲကို ဆက်ဖောက်သည်။ အံဆွဲကို အသာအယာဖွင့်လိုက်သော်......

ဟုတ်ပါသည်။ ထောင်တန် ဆယ်အုပ်စီး ၂ စီး အိတ်ကို ထုတ်၍ အမြန်ထည့်သည်။ ဝမ်းသာလွန်းလို့ လက်တွေတောင် တုန်နေသည်။ ယူစရာရှိတာ အမြန်ယူပြီး ပြတင်းပေါက်မှ ပြန်ထွက်သည်။ ထို့နောက် ပါလာသည့် ကြိုးဖြင့် ပြတင်းပေါက် သံဘောင်မှ ကြိုးနှစ်စလုံးကို အောက်သို့ချပြီး တွယ်ဆင်းသည်။ အောက်ရောက်သော် ကြိုးတစ်စကို ပြန်ဆွဲပြီး ကြိုးပြန်သိမ်းကာ အဝင်က ကျော်ဝင်လာသည့် ခြံစည်းရိုးနံရံကို ကျော်သည်။ နံရံကိုကျော်နေစဉ် ခြံရှေ့မှ ခြံတံခါးသံနှင့်အတူ လူအုပ်ကြီးကိုတွေ့လိုက်ရသည်။
“ဦးထွန်းမြတ်.... ဗျိုး..... ဦးထွန်းမြတ်.... တံခါးဖွင့်ပါဗျိုး....”
ဇောချွေးပြန်သွားသည်။ ကျောပြင်မှ ဖြန်းကနဲဖြစ်သွားပြီး အပေါ့သွားချင်လာသည်။ စဉ်းစားမနေတော့ နံရံကို အမြန်ကျော်ရန်သာ ကြိုးစားတော့သည်။
“ဥက္ကဌတို့ပါ။ ဧည့်စာရင်းလေးစစ်ချင်လို့။”
ဧည့်စာရင်းတဲ့... တော်သေးသည်။ သို့သော် မိနစ်ပိုင်းအတွင်း ကျနော်ဝင်ထားတာ သိသွားကြကာ ကျနော့ နောက်သို့လိုက်တော့မည်။ နံရံကို အလူးအလဲကျော်လေရာ လက်ဖျံကို သံဆူးကြိုးနှင့် ခြစ်မိသွားသည်။ ခြေသံဖျောက်ကာ အမြန်ဆုံးနှုန်းဖြင့် သုတ်ခြေတင်လေပြီ။ လမ်းထိပ်ရောက်သော် ကြားကားတစ်စီး ရပ်ထားသည်။ စပယ်ယာက
“ဈေးဝို ဈေးဝို” ဟုအော်နေသည်။ ကားပေါ်အမြန်ပြေးတက်လိုက်သည်။ ကျနော် ကားပေါ်ရောက်တော့ တော့သည်။ ခုနက ထွက်လာသည့် လမ်းတွင်းမှ လူအုပ်တစ်စု ပြေးလာသည်ကို တွေ့လိုက်ရ၏။ ကျနော်စီးလာသည့် ကန်နာ ၄ခ/xxxx ကတော့ သီရီမင်္ဂလာဈေးသို့ ဦးတည်လျက်.......

ဗီလိန်

18 comments:

မေဇင် said...

အမလေး...လွတ်သွားလို့ တော်ပါသေးရဲ့.... သူခိုးအားပေးမဟုတ်ပေမယ့်... ဒီကောင်လေး ကိုတော့ လွတ်စေချင်တယ်...... ဇတ်လမ်းကို ဆက်စပ် ကြည့်မယ်ဆိုရင်တော့...သူက စားစရာ ပိုက်ဆံမရှိလို့ စခိုးတတ်တယ်.... သူ စခိုးတဲ့ အချိန်မှာပဲလူတစ်ယောက်နဲ့တွေ့တယ်.... ဒါပေမယ့်..အဲ့ဒီ သူတွေ့တဲ့ သူက သူခိုးကြီး ဦးလေးငတာ လား...နဲနဲ အဆက်ပြတ်သွားသလိုပဲနော်....



ခင်တဲ့

မေဇင် said...

စာဖတ်သူကို ဘာများဆက်ဖြစ်လာမလဲလို့ တထိတ်ထိတ်နဲ့ ဆွဲဆောင်မှုရှိအောင် ရေးနိုင်တယ်..။

Yu Ya said...

ကိုဗီလိန်ရေ.. ဆက်ရန်ရှိသေးသည် ထင်ပါတယ်နော်။

yu ya

မောင်ဖားကြီး said...

အား တံခါးဖွင့်တဲ့အခန်းတွေကို သေသေချာချာရေးထားတာ ကိုယ်တိုင်တတ်သလားမှတ်ရတယ် ကိုဗီလိန်ရေ လူပေါင်းစုံအကြောင်းတော်တော်လေ့လာထားတယ်ထင်တယ် :P

မင်းအိမ်ဖြူ said...

လိန်လိန် ကိုယ်တွေ့လား ဟာဟ

ကောင်းတယ် ဆက်မျှော်နေပါတယ်

မဆုံးသေးတာလား ဆက်တွေးခိုင်းတာလား

Lucifer said...

အရေးအသားလည်းကောင်းတယ်.. စိတ်ကူးလည်းကောင်းတယ်.. စာအရေးအသားစိတ်ကူးကိုပြောတာနော်.. ခိုးတဲ့နည်းစိတ်ကူးကိုပြောတာဟုတ်ဘူး..
ဆက်ရေးပါ... အားပေးနေမယ်...

လင်းဒီပ said...

မင်းဘယ်ပြေးမလဲ မောင်ဗီလိန်
ကျွန်ုပ်ဟာဖြင့် ဒီသိန်းနှစ်ဆယ်ပျောက်ဆုံးတဲ့အမှုကို အပူတပြင်းလိုက်နေတဲ့ ဆားပုလင်း လင်းဒီပ ပဲဖြစ်တယ်..
ကဲ ပုလိပ်မင်းကြီးထံလိုက်ခဲ့ပေတော့...:D

Anonymous said...

မဟုတ်မှလွဲရော ကိုယ်တွေ့ထင်တယ် အဟီးဟီး အဲလောက်သေချာနေမှတော့ သေချာနေပြီဆိုတာ အတတ်ပြောရဲတယ် ဟဲဟဲဟဲ ပြည်သူ့ဝိုင်းတွေ ရဲထားပြီ ပြေးထွက်မယ် မကြံနဲ့ အေးဆေးသား လ်ာထိုးလိုက် လုံးဝ မသိစေရဘူး...... ဟဲဟဲဟဲ

mmtn (kalay) said...

အရှိန်လေးရလာမှ တိကနဲ ဖြတ်ခံလိုက်ရသလိုပဲ ကိုဗီလိန်ရေ။

khin oo may said...

ဘာများဖြစ်သွားမလဲလို့..

လူရိုင်းလေး said...

ကိုဗီလိန်ရဲ့ တကယ့် ဘဝမှန်လားဟင် :) ဇာတ်လမ်းလေးက တကယ်ကို စိတ်ဝင်စားစရာကောင်းနေပြီ ဘာဆက်ဖြစ်မလဲ မသိဘူးနော် ဟီ ဟီ

Andy said...

ကောင်းဗျာ... တယ်ကောင်း...

သီဟသစ် said...

ဗီဇာနည်
ရင်သိမ့်တုန်တွေလည်းရေးတတ်သကိုး

:D

ခင်မင်စွာဖြင့်
သီဟသစ်

နန်းညီ said...

ကြိုက်တယ် ကြိုက်တယ်..

s said...

ရင်တထိတ်ထိတ်နဲ့ အရေးအသားပြောင်မြောက်တော့ ဖက်ရတာ အစမှာတည်းက စိတ်ဝင်စားဖို့ကောင်းတာ၊ ဖက်ရင်းနဲ့ အဆုံးထိပဲ ၊ ပိာ ကံကောင်းလို့နော် သီသီလေး လွှတ်သွားတာ

Anonymous said...

နောက်တစ်ခေါက်ကြရင်
ကိုဗီလိန် ကျနော်တို့အတူတူ
သွားကြတာပေါ့
းD

နတ်သရဲ said...

နောက်တစ်ခေါက်ကြရင်
ကိုဗီလိန် ကျနော်တို့အတူတူ
သွားကြတာပေါ့
းD

မိုးခါး said...

အမလေး တရပြန်ပြီ
ဖတ်ရင်း အသည်းတယားယားနဲ့
လူဆိုး သူခိုး ဓါးပြ လူတွေက ပြောတယ်
သူတို့တွေ ဘာလို့ ဒီလိုဖြစ်လာရလဲ မတွေးကြဘူး