တစ်နေ့သော ပူပြင်းလှသော စင်္ကာပူနေ၏ နေ့လည်ခင်းတစ်ခုတွင် ဖြစ်သည်။ ထမင်းစားပြီး၍ ကုတင်ပေါ်၌ အဆီရစ်နေသော အမောင်ဗီလိန်တစ်ယောက် ပုဂံခေတ် စာအုပ်တစ်အုပ်နှင့် ဇိမ်ကျနေလေသည်။
“သေချာပြီလား စောလူးမင်းမြတ်။ ဒါနဲ့ဆို ၁၀ပွဲမြောက် ရှုံးခြင်း ဖြစ်သွားမယ်နော။ အံအုပ်မလှပ်ခင် ဆန္ဒပြောင်းလို့မီသေးတယ်။”
“လှပ်မှာသာလှပ်စမ်းပါ ငရမန်ရယ်။ ယခင်လည်း သင် ငါ့ကို ရှုံးနေကြပါ။ ငယ်နိုင်တစ်ယောက်က ငါ့ရဲ့ဘုန်းကံကို ယှဉ်နိုင်ရင်ယှဉ်စမ်းပါ။ အရှုံးကိုကြောက်လို့ မလှပ်ဝံ့သေးသလော။”
“ဟားဟားဟား စောလူးမင်းမြတ်ရယ်။ ဒီစကားကို ငရမန်က ပြောရမှာပါ။ ကြမ္မာရဲ့ အပြောင်းအလဲကို လက်မခံနိုင်ပဲကိုး။ လှပ်ဆိုတော့လည်း လှပ်တာပေါ့။ ကျုပ်က အရှုံးအတွက် ပြင်ဆင်ထားဖို့ သတိပေးနေတာပါ။”
ငရမန်က ခပ်မဲ့မဲ့အပြုံးဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ အံအုပ်ကို လှပ်လိုက်သည်။ ငရမန်၏ ထီမထင်သည့်မျက်နှာက စောလူးမင်းမြတ်၏ ရာဇအမျက်ကို ဆွဲထုတ်နေသည်။ သေရည်ကလည်း အတော်လေး အစွမ်းပြနေပြီ။
“ဟားဟားဟားဟား ........”
“ကိုင်း ဘယ်လိုလဲ ဘုန်းကြီးရှင်တော် စောလူးမင်းမြတ်ရဲ့။ ငရမန်လို မြို့စားငယ်လေးကို ပြည့်ရှင်မင်းမြတ်က ကြွေအံအရာမှာတောင် မနိုင်ရင် ရာဇဘုန်းကို သံသယမကင်း မရှိလေဘူးလား။”
လက်ခမောင်းခတ်၍ ပြောလေရာ စောလူးမင်းမြတ်က သေရည်အရှိန်ဖြင့် ကြွေအံစားပွဲကို လှန်ချလိုက်ပြီး
“သယ်.... ငရမန်ကန်း။ သင့်ကို နို့စို့ဘက်မို့ မြှောက်စားခဲ့တယ်။ ဥဿပဲခူးကို အပိုင်စားပေးခဲ့တယ်။ ဒါကိုမှ သင်က ကျုပ်ရဲ့ ဘုန်းတန်ခိုးကို ယှဉ်ချင်တယ်။ သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ဥဿပဲခူးကနေ ငါ့ကိုပုန်စားချေ။ ငါ့ရဲ့ ဘုန်းသဘာကို ယှဉ်နိုင်ရင် ယှဉ်လော့။”
“ဟားဟားဟားဟား... မင်းမြတ်စကား၊ အမှားမခံဘူး။ ဆန်ကုန်ရင် ဝယ်လို့ရတယ် စကားကုန်ရင် ဆယ်လို့မရဘူးနော စောလူးမင်းမြတ်ရဲ့။”
“ယောက်ျားစကား ၂ခွန်းမဆို။ ရာဇတံထွေး ပြန်မမျိုဘူး။ သင်ယှဉ်နိုင်ရင်ယှဉ်လော့ ဧကရာဇ်ဘုန်း ဘာများထင်နေသတုန်း ငရမန်ကန်း။”

-----------------------------------------------------
ဤသို့ဖြင့် ဘုန်းယှဉ်ပွဲက ကြွေအံပွဲတွင် စကားနာထိုးရာမှ စစ်ရေးအထိ ရောက်သွားပြီး သွေးချောင်းစီးရလေသည်။ အဆုံးတွင် ပြည်တော်သာကျွန်း တိုက်ပွဲ၌ ငရမန်က စောလူးမင်းကို လက်ရဖမ်းမိလေ၏။ ငရမန်၏ တပ်သားများက ချုပ်နှောင်၍ ခေါ်ဆောင်လာသော စောလူးမင်းမြတ်ကိုတွေ့သော် ငရမန်က
“သယ်... ငါ့ကျွန်တို့ အဘယ်ကြောင့်များ ဧကရာဇ်မင်းမြတ်ကို ကြိုးဖြင့် တုပ်သလော။ ခုချက်ချင်း ဖြည်လော့။”
တပ်သား အပေါင်းတို့လည်း နားမလည်သည့် မျက်လုံးများဖြင့် စောလူးမင်းကို ကြိုးဖြည်ပေးလေသည်။
“ဘယ်နှယ့်လဲ စောလူးကိုယ်တော်ရဲ့ သင့်ရဲ့ ဘုန်းသဘာကို ယှဉ်နိုင်ရင်ယှဉ်ဆို။ ဟားဟားဟားဟားဟားဟား။ ခုတော့ ဘယ်နှယ့်ရှိစ။ စစ်ပရိယာယ်ကိုမှ နားမလည်ပဲ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မတုန်း။”
“သင်ဘာလုပ်ချင်သလဲ ငရမန်ကန်း သတ်စရာရှိလဲသတ်လိုက်”
“ဒီတိုက်ပွဲကလည်း အသင်မင်းမြတ်က စပြီး စိန်ခေါ်လို့ တိုက်ရတဲ့ပွဲ။ မင်းမြတ်ကို ပုန်ကန်လုပ်ကြံချင်တာ မဟုတ်သလို ထီးနန်းလုဖို့လည်း မဟုတ်ပါဘူး။ ကြွေအံကစားတယ်ပဲ မှတ်လိုက်ပါ မင်းမြတ်။ အခုတော့ ငရမန်က နိုင်တယ်ဆိုပါစို့။ မင်းမြတ်နဲ့ ငရမန်တို့က နို့စို့ဘက် ငယ်ပေါင်း အရင်းချာတွေပါ။ အသင်စောလူးမင်းမြတ်ကို ပုဂံနန်းတော်အထိ ငရမန်ကိုယ်တိုင် ကာကွယ်ပို့ဆောင်လို့ ပေးပါမယ်။ ဒါပေမယ့် တစ်ခုသောအရေးကိုတော့ မဝံ့ဖြစ်မိတယ်။ အခုအချိန်မှာ မင်းမြတ်ရဲ့ ကြမ္မာအရ သိမ်နေတယ်ပြောရပါမယ်။ အခုလို ရာဇဘုန်း ဆက်လက်လို့ သိမ်နေသေးမယ်ဆိုရင် ဟိုတဏှာရူးကျန်စစ်သားက ပုဂံထီးနန်းကို သိမ်းမယ့်အရေး တစ်နေ့မဟုတ်တစ်နေ့ ကြုံလာလိမ့်မယ်။ ဒါကို အတို့ကျွန် မလိုလားဘူး။ အသင်မင်းမြတ်ရဲ့ ပလ္လင်ကို စောင့်ရှောက်ဖို့ ငရမန်ကို စစ်သူကြီးခန့်ပြီး အပါးမှာခစားစေဖို့ တောင်းဆိုပါတယ် စောလူးမင်းမြတ်။ ဤတိုက်ပွဲ၏ အဓိကရည်ရွယ်ချက်ကလည်း ဒါပါပဲ မင်းမြတ်။ အတို့ကျွန် ငရမန် သစ္စာတော်ခံလို့ မင်းမြတ်ကို စောင့်ရှောက်ခွင့်ပြုပါမင်းမြတ်။”
ထိုနောက် ငရမန်က ဒူးထောက်ခစားလေသည်။ စောလူးမင်း၏ စိတ်ထဲတွင် မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးသွား၏။ ထို့နောက် စောလူးမင်းက ငရမန်ကို လက်ကမ်းပေးလိုက်ပြီး
“ငရမန်... ငါသည် သင့်အား နို့စို့ဘက်၊ ငယ်ပေါင်းကြီးဖော် တစ်ဦးအဖြစ် ဥဿပဲခူးလို မြို့ငယ်လေးတစ်မြို့ကို ပေးပြီး ချီးမြှင့်မြှောက်စားခဲ့တယ်။ တကယ်တော့ သင့်ဟာ ငါ့အပါးမှာ ရာသက်ပန်ခစားစေသင့်တဲ့ မိတ်ဆွေကောင်းပေတကား။ ငါကိုယ်တော် ဝမ်းနည်းရပေသည်။ သင့်အနေနဲ့ သည်ပွဲနိုင်လျှင် ငါ့အားစောင့်ရှောက်မည်ကား မှန်သော်ငြားလည်း သည်ပွဲရှုံးလျှင် ကွက်မြက်ခံရမည်။ ဤသို့သော အရေးကိုမတွေး ငါနှင့် ငါ့ထီးနန်းကို ကာကွယ်ဖို့သာ တွေးလေသည်။ သင့်၏သစ္စာတော်ကို ငါအလွန်မှ လေးစားမိသည်။ ယခုတော့ ငါကိုယ်တော် ပင်ပန်းလှပြီ။ ဤပြည်တော်သာကျွန်းတွင် ရက်အနည်းငယ်ခန့် အနားယူပြီး နန်းတော်ပြန်လို့ သင့်ကိုလည်း စစ်သူကြီး အရာအထူးကို ချီးမြှောက်မည်။ စိတ်ချလော့ ငရမန်။”
“ကျေးဇူးကြီးမြတ်လှပါတယ် မင်းမြတ်။”
-----------------------------------------------------
ထို့နောက် စောလူးမင်းသည် ငရမန်၏ အစောင့်အရှောက်ဖြင့် ပြည်တော်သာကျွန်းတွင် စံမြန်းနေလေ၏။ သုံးရက်လွန်မြောက်၍ ညဦးယံတွင် စောလူးနှင့် ငရမန်တို့ မူးရစ်သောက်စားနေကြစဉ် တပ်စခန်းထဲရှိ အဆောင်တဲတစ်ခုဘေးမှ ချောင်းမြောင်း ကြည့်ရှုနေသည့် ကျန်စစ်သား၏ အတွေးတွင်ကား
“စောလူးမင်း မရှိတုန်း ထီးနန်းသိမ်းလိုက်ရင် ပွဲလန့်တုန်းဖျာခင်း ဖြစ်ပြီး ပြည်သူပြည်သားတွေရဲ့ ယုံကြည်မှုကို မရမှာကတစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စောလူးမင်း လွတ်လာရင် ငါလည်းပလ္လင်က ဖယ်ပေးရမှာက တစ်ကြောင်းကြောင့် ရန်သူ့နယ်ကို အရဲစွန့်လို့ ဝင်လာတာ ငါမှန်သွားပြီ။ ဒီပုံအတိုင်းဆို ဒင်းပြန်လာပြီး ထီးနန်းပြန်စံဖို့ရှိတယ်။ ဒင်းကို အပြတ်ရှင်းမှ။”
အတော်အတန် ညဉ့်နက်သွားသော် စောလူးမင်းလည်း သေရည်အစွမ်းဖြင့် ကိုယ်တော်ကို မနည်းထိန်းရပြီ။ ငရမန်၏ တပ်သား နှစ်ဦးက ယာယီစံရာ ဖျင်တဲဆောင်သို့ ပို့ဆောင်ပေးလေသည်။ အသင့်စောင့်နေသည့် ကျန်စစ်သားကလည်း ဖျင်တဲအနီးသို့ အသာအယာကပ်သွားပြီး အစောင့်များအလစ်တွင် ဖျင်တဲ၏ အနောက်ဖက်ကို ဓားဖြင့်ခွဲကာ ဝင်လေသည်။ စက်ရာပေါ်တွင် လဲလျောင်း နေသော စောလူးမင်းကို ဓားဖြင့်ခုတ်မည် ရွယ်လိုက်ရာ စောလူးမင်းလည်း လန့်နိုးသွားပြီ။
“ကျန်စစ်သား... ကျန်စစ်သား ငါ့ကို လုပ်ကြံနေတယ်။ လာကြ လာကြ။”
ဟုအော်ကာ ကျန်စစ်သားခုတ်ချလိုက်သည့် ဓားကို ရှောင်တိမ်းလိုက်သည်။ သို့ရာတွင် စစ်ရေးအရာ ကျွမ်းကျင်ပိုင်နိုင်လှသည့် ကျန်စစ်သားက ဘယ်ဘက်လက်ထဲမှ အရိန္နမာဖြင့် စောလူးမင်း၏ ဘယ်ဘက်ရင်အုံသို့ထိုးကာ ထွက်ပြေးလေတော့သည်။ ငရမန်၏ တပ်များလိုက်လံ ဖမ်းဆီးသော်လည်း မမီတော့ချေ။ ငရမန်ရောက်လာသော် စောလူးမင်းလည်း နတ်ရွာစံ ကံတော်ကုန်နေလေပြီ။ စောလူးမင်း၏ ကိုယ်တော်ကို တင်းကြပ်စွာဖက်ထားရင်း ငရမန်ကန်း၏ မျက်ရည်များသည်ကား စောလူးမင်း၏ သရဖူပေါ်အထိ စီးဆင်းကြနေလေ၏။ ငရမန်ကန်း၏ တပ်သားအပေါင်းလည်း ဘေးတစ်ဘက်တစ်ချက်တွင် ဒူးထောက်ကာ ဝမ်းနည်းပူဆွေးလျက် ရှိနေပေသည်တကား....။
“ကျန်စစ်သား............. မင်းမြတ်ကို လုပ်ကြံဝံ့တယ်။ ဒင်းကို ငါကိုယ်တိုင် သတ်မယ်။ ငါ့ကျွန်တို့.... နက်ဖြန် ပုဂံကို စစ်ချီမယ်။ လက်နက်ရိက္ခာ လူအင်အား အားလုံးအသင့်ပြင်။”
-----------------------------------------------------
အရိမဒ္ဒနပူရ ပုဂံနေပြည်တော်၏ အရှေ့မြို့ရိုးကို ဝိုင်းရံထားသည်ကား ငရမန်ကန်း၏ တပ်ပေတည်း။ တပ်၏ရှေ့ဆုံးမှ မျက်လုံးတစ်ဘက် သားရေစဖြင့် ပိတ်ထားသည့် စစ်သူကြီး ငရမန်ကန်းက ဓားကို မြှောက်လေရာ ငယ်ကျွန် တပ်သား အားလုံး၏ ညာသံပေးက ပုဂံပြည်ကြီးတစ်ခုလုံး ဟိန်းသွားလေတော့သည်။ တဆက်တည်းမှာပင် ဟန်ထူးလွင်၏ ပရိသတ်များ အော်သံကြောင့် ကျွန်နော် ဗီလိန်လည်း လန့်၍နိုးသွားသည်။ သြော် ချစ်သူထံမှ ဖုန်းသံပါပေတကား။
-----------------------------------------------------
*အားလုံးက ပြောလာကြလို့ ဝီကီမှာ ရေးထားတဲ့ ငရမန်ကန်း အကြောင်းကို လင့်ခ်ချိတ်ပေးလိုက်ပါတယ်ဗျာ။
18 comments:
သိုင်းဝတ္တုအရှည်ကြီးလားလို့ ...တကယ်တော့ ပုဂံရာဇ၀င်ပါလား ဗီဗီရာ.... နောက်ဆုံးတော့ စစ်မတိုက်ဖြစ်တော့ပဲ... ချစ်သူထံမှ ဖုန်းလာလို့  ငရန်မန်ကန်းလည်း တပ်ပြန်ဆုတ်သွားတာကိုး... :P
ဖုန်းတဂိုးကကြီးတယ်
ဟတ်ဟတ်
ကျန်စစ်သားက စောလူးမင်းကိုထမ်းပြေး၊ စောလူးက အထင်လွဲပြီးအော်၊ ကျန်စစ်သားက "ဟယ်.. မင်းပုဆိုး မင်းညှစ်ပြီး(မင်းဆိုးမင်းညစ်) ခွေးသေ၊ ဝက်သေ၊ ကြက်စေ၊ဘဲသေ သေကျန်ခဲ့ပေတော့" အဲလိုဟုတ်ဘူးလား
ဒီရာဇဝင်က တမျိုးပါလား
ကိုရင် ဗီလိန်--
သမိုင်းသစ်
နောက်မျိုးဆက်အတွက် သင်ရိုးညွှန်းတမ်း အသစ်
ဟုတ်မှာ ဟုတ်မှာ
လိန်လိန်ပြောရင် ဟုတ်မှာပါလေ
ဟုတ်မှာ ဟုတ်မှာ
လိန်လိန်ပြောရင် ဟုတ်မှာပါလေ
တောက် ဒီဖုန်းက ၀င်ရှုပ်ရတယ်လို့.. ငါ .. တယ်
သက်သေမခိုင်လုံတဲ့ ပုဂံပြည်ကတော့ ငြင်းမယ်ဆို ငြင်းချင်စရာတွေကြီးပါပဲ။ ဒီလိုမဟုတ်ဘူးလို့လဲ မပြောနိုင်ဘူးလေ။ sin dar lar ရဲ့။
ဟုတ်ပါ့တော် ဖုန်းကလဲ အရေးထဲဝင်လာသေးတယ်
ဒီမှာ မကြားဖူးတာတွေ ဖက်နေတာကို (ရှုပ်တယ်)
သင်ရိုးသစ်လေးကို ဘယ်သူမှ မသင်သေးခင် တူမလေးကို အရင်သင်ထားဦးမှ။
ဒီဖုန်းကတော့လေ..တောက်..ငါ..တယ်..း)
သမိုင်းအထောက်ထားတွေပြန်လေ့လာနေတယ် အမှားတွေ့ရင် ကျန်းစစ်သားက တရားစွဲမယ်ဆိုလားးးး)
လိန်လိန်ရေ ၂ ခေါက်ဖတ်လိုက်ရတယ်၊၊ အိမ်ကို ဖုန်းဆက်ပြီး မူလတန်းတုန်းက သမိုင်းဆရာ ကို သွားအကြောင်းကြား ဖို.ပြောထားတယ် ၊၊ ရာဇ၀င်သစ်သင်ဖို.....
တယ်စိတ်ကူးယဉ်သကိုး။
ဂလိုလည်း ရှိသေးတယ်ကိုး .. ..
(ချာတွေ ဖတ်ရတာ မျက်လုံးအားကုန်၏)
အရမ်းကောင်းတဲ့ရာဇ၀င်အိပ်မက်လေးပါလားနော်..။ ကောင်လေးလည်း လေးဖြူအသံကြားမှသတိပြန်ရလာတယ်..။ ပုဂံခေတ်ထဲရောက်သွားလို့..။ :-)
ဟုတ်တယ်။ တစ်ခါတစ်လေ အဲလိုတွေးမိတယ်။
သမိုင်းဆိုတာ နိုင်တဲ့သူတွေက ရေးသွားတာ ဆိုပဲ။
အတွေးလေးကို သဘောကျလိုက်တာ ညီရာ။ တခြားတဘက်မှ လှည့်တွေးခြင်းပေါ့း)
Post a Comment