တိုက်တိုက်ဆိုင်ဆိုင်ပဲ နှစ်ဆန်းတစ်ရက်နေ့မှာ ဒီပို့စ်ကို တင်ဖြစ်သွားပါတယ်။ ဟိုနေ့ကတည်းက စရေးနေတာဖြစ်ပေမယ့် အလုပ်တွေပိနေတာကြောင့် မတင်ဖြစ်သေးတာပါ။
ကိုမင်းအိမ်ဖြူ မျှဝေထားတဲ့ ကိုမိုးဝေ(စက်မှုတက္ကသိုလ်) ရဲ့
မိဘအပေါ်သိတတ်ပါ ဝန်မပိပါစေနှင့် ဟု ဆောင်းပါးဖတ်လိုက်မိပြီး ဒီပို့စ်ကို ရေးဖြစ်တာပါ။
၂၀၀၇ - ခုနှစ်၊ ရန်ကုန်တိုင်း ဂျာနယ်မှ ကိုမိုးဝေ၏ ဆောင်းပါးတိုလေးအား ကူးယူတင်ပြပါသည်။
ခုခေတ်လူငယ်တွေ မိဘကို သိတတ်လာကြောင်း ဆောင်းပါးရှင်က ဖော်ပြထားသလို မိဘအတွက်ဆိုပြီး လုပ်ချင်ရာလုပ်နေလို့ လည်း မဖြစ်သင့်ကြောင်း ထောက်ပြထားပါတယ်။ မှန်ပါတယ်။ မိဘကို သိတတ်တဲ့ လူငယ်တွေ များပြားလာသလို ကျောင်းပြီး အလုပ်ရတာနဲ့ မိန်းမယူဖို့ပဲ စဉ်းစားနေတဲ့ လူငယ်တွေလည်း အများကြီးပါ။ မိဘသည် နံပါတ် တစ် လို့ သဘောထားတဲ့ သူရှိသလို၊ နံပါတ် တစ် မထားတဲ့ သူတွေလည်း အများကြီးပါ။ လောကမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေ သေးသရွေ့တော့ ရှိဦးမှာပါပဲ။ မိဘကို သိတတ်နားလည်စေမယ့် လူငယ်တွေ ဒီထက်မက များပြားလာပါစေလို့ ဆုတောင်းမိပါတယ်။
နောက်တစ်ခုက လူငယ်နဲ့ လူကြီး ပြဿနာတွေက ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တာပါ။ အသက်အပိုင်းအခြား ကွာခြားတာကြောင့် ခေတ်ရေစီးကြောင်း မတူတာကလည်း ပြဿနာတစ်ခုပါ။ လူကြီးတွေက မိမိအတွေ့အကြုံနဲ့ ယှဉ်ရင် မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပေမယ့် တခါတရံမှာ ခေတ်ရေစီးကြောင်းကြောင့် ဖြစ်သင့်နေတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။ တလောက မိဘအရွယ်မကျ အစ်ကိုအရွယ် မကတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူကပြောပါတယ်။ မြန်မာပြည်က လူငယ်တွေ အားနေ လ္ဘက်ရည်ဆိုင်မှာပဲ အချိန်ဖြုန်းနေကြသည် တဲ့လေ။ ကျနော် ဟန်မဆောင်နိုင်အောင်ပဲ ထရယ်မိပါတယ်။ ဘာကြောင့်များ ဒီလိုသုံးသပ်တာပါလိမ့်။ သူတို့ ခေတ်ကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ သိပ်ကို နောက်ကျတဲ့ အတွေးအခေါ်တစ်ခုလို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ဗီလိန် လ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး ရှာခဲ့တဲ့ ပိုက်ဆံတွေ၊ အတွေ့အကြုံတွေ၊ နည်းပညာတွေ၊ ဘာသာသာသနာအတွက် အထောက်အပံ့တွေ အများကြီးပါ။ ကျနော်သတိထားမိသလောက် မြန်မာပြည်မှာ လ္ဘက်ရည်ဆိုင်ထိုင်ခြင်း အဓိကအကြောင်း ၅ မျိုးရှိပါတယ်။
၁။ လ္ဘက်ရည်ကြိုက်လို့
၂။ အလှအပလေးတွေ ရှုစားချင်လို့
၃။ သူငယ်ချင်းအပေါင်းအသင်းတွေ စုစည်းဖို့
၎။ စီးပွားရေးအတွက် စကား စမြည်ပြောချင်လို့
၅။ ရုပ်မြင်သံကြားကြည့်ချင်လို့ (အထူးသဖြင့် နိုင်ငံခြားလိုင်းတွေပါ)
အများအားဖြင့်ကတော့ ဒီအချက် ငါးချက်နဲ့ ကိုက်ညီပါတယ်။ မီးပျက်လို့ အိမ်မှာ ပူလို့ ဆင်းထိုင်တာတော့ ထည့်မပြောတော့ပါဘူးဗျာ။ :)
နံပါတ် ၁
လ္ဘက်ရည်ကြိုက်တဲ့ သူကတော့ ပြောစရာမရှိပါဘူး။ ကြိုက်လို့ သောက်တယ်။ ကုန်တော့ ပြန်တယ်ပေါ့လေ။
နံပါတ် ၂
ဒါကတော့ သိပြီးသားဖြစ်ကြမှာပါ လူစည်ကားရာ အရပ်တွေမှာ လ္ဘက်ရည်ဆိုင်ထိုင်ပြီး အလှအပလေးတွေ ငေးတဲ့ လူမျိုးတွေပါ။
နံပါတ် ၃
လူငယ်တွေ တစ်နေရာရာကို စုစည်းပြီး သွားမယ်ဆိုရင် စုရပ်တစ်ခုအနေနဲ့ အသုံးပြုတာပါ။ ဒီလိုစုစည်းရာမှာ အပျော်အပါးအတွက် စုစည်းတာ ရှိသလို ပရဟိတလုပ်ငန်းများနဲ့ ဘာသာရေး၊ သာသနာရေး များလည်း ဆောင်ရွက်နေတယ်ဆိုတာ သတိမူသင့်ပါတယ်။
နံပါတ် ၎
ကိုယ့်အိမ်မှာ ဧည့်ခန်းကောင်းကောင်းမရှိတဲ့ သူတွေ၊ အလုပ်နေရာ တိတိကျကျ မရှိတဲ့သူတွေ (ဥပမာ ပွဲစားတွေ)၊ အလုပ်နေရာ ရှိသော်ငြားလည်း အလုပ်ထဲမှာ ပြောလို့ မရတဲ့ အလုပ်ကိစ္စတွေ (ဥပမာ ရုံးဝင်ထမ်းတွေ) ပါသလို အလုပ်မရှိပဲ ယောင်ချာချာဖြစ်နေတဲ့ လူငယ်တွေက စီးပွားရေး လမ်းစတွေ့ရာတွေ့ကြောင်း ရှာကြံဖို့၊ ပရဟိတနဲ့ ဘာသာသာသနာရေးတွေ တိုင်ပင်ဆောင်ရွက်ဖို့၊ မတူညီတဲ့ အတွေးအမြင်တွေနဲ့ အကြောင်းအရာတွေကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖလှယ်၊ ဆွေးနွေး၊ တိုင်ပင်မယ်။၊ စကားရည်လုမယ် ငြင်းခုန်ပြီး အဖြေရှာမယ်။ စသဖြင့် ထိုင်ကြတာတွေလည်း အများကြီးရှိပါတယ်။
နံပါတ် ၅
အထူးသဖြင့် ဘောလုံးပွဲကြည့်သူတွေ နဲ့ ၂ လုံး ၃ လုံးတိုက်သူတွေ ဖြစ်ပါတယ်။ အချို့ ဝါသနာပါသူများကတော့ WWF, MTV, Discovery အစရှိတာတွေကိုလည်း ကြည့်ဖို့ ထိုင်ကြတာမျိုး တွေလည်းရှိပါတယ်။ နယ်တွေမှာတော့ ဇာတ်လမ်းလေးတွေ ပြတာမျိုးလည်းရှိပါတယ်။ မီးမလာတာကတစ်ကြောင်း၊ အိမ်မှာ ဗီစီဒီ၊ ဒီဗီဒီစက်၊ ဂြိုလ်ထုစလောင်းမရှိတာက တစ်ကြောင်းကြောင့် အဲဒီ့လိုအစီအစဉ် ရှိတဲ့ အချိန်တွေဆိုရင် လ္ဘက်ရည်ဆိုင်ပြည့်ပါတယ်။
ကျနော် သတိထားမိလို့ကတော့ တော်တော်များများသော လူတွေက ဒီအချက် ၅ ချက်နဲ့ ကိုက်ညီပါတယ်။ ဒီထက်ပိုပြီး စိစစ်ကြည့်တော့ ယခုခေတ် လူငယ်တွေက နံပါတ် ၂ အမျိုးအစားမှာ လျော့နည်းလာပြီး ၃၊ ၄ တွေမှာ ပိုပြီး များလာတာ သတိထားမိပါတယ်။ နံပါတ် ၅ အနေနဲ့ကတော့ ဝါသနာပါရာ ဘောလုံးပွဲနဲ့ အခြားအစီအစဉ်တွေကို ကြည့်ကြတာ တွေ့ရပေမယ့် နေ့လည် ၁၂ နာရီနဲ့ ညနေ ၄ နာရီ ခွဲမှာကြည့်လိုက်ရင် လ္ဘက်ရည်ဆိုင်ပြည့်နေသော်ငြား လူငယ်တွေ အနည်းစုပဲတွေ့ရပါတယ်။ ဒါကတော့ ကျနော် လေ့လာမိသလောက်ပါ။
ဒါကြောင့် ကျနော့ မိတ်ဆွေ ပြောခဲ့တဲ့ စကားကို ပြန်ပြောချင်ပါတယ်။ လူငယ်တွေရဲ့ ရင်ဘတ်ထဲမှာ ဘာတွေများ ကိန်းအောင်း နေသလဲဆိုတာ မြင်အောင် ကြည့်တတ်စေချင်ပါတယ်။ တကယ်တော့ လူငယ်ဆိုတာ လူကြီးတွေရဲ့ သွန်သင်မှုကြောင့်ပဲ ပညာတွေတတ်၊ အတွေးအခေါ်တွေ ထက်မြက်၊ ရင့်ကျက်လာကြတာပါ။ လ္ဘက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စမှာလည်း လူကြီးတွေအနေနဲ့ သူတို့ အတွေ့အကြုံနဲ့ ခေတ်အခါအရ လ္ဘက်ရည်ဆိုင် ထိုင်ခြင်းဟာ အလေလိုက်ခြင်း ပုဒ်မတစ်ခုလို့ သတ်မှတ်ထားခဲ့ကြတဲ့ အတွက် ဒါကိုလည်း အပြစ်ပြောလို့မရပါဘူး။ အပေါ်မှာ ကျနော်ပြောခဲ့တဲ့
“လူကြီးတွေက မိမိအတွေ့အကြုံနဲ့ ယှဉ်ရင် မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပေမယ့် တခါတရံမှာ ခေတ်ရေစီးကြောင်းကြောင့် ဖြစ်သင့်နေတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။” ဆိုတဲ့ စကားက ဒါမျိုးကို ဆိုလိုပါတယ်။
တခြားသူအတွက်တော့ မသိပေမယ့် ကျနော့အနေနဲ့ကတော့ လ္ဘက်ရည်ဆိုင်က ကျနော့ကို
- တန်ဖိုးရှိတဲ့ အပေါင်းအသင်းတွေနဲ့ ရင်းနှီးခွင့်ရတယ်။
- တခြားသူတွေဆီက အတွေ့အကြုံတွေ နားထောင်ခွင့်ရတယ်။
- စီးပွားရေး၊ လူမှုရေး၊ ဘာသာသာသနာရေးတွေအတွက် သတင်းအချက်အလက်နဲ့ ဆောင်ရွက်ခွင့် ရတယ်။
- မတူညီတဲ့ အတွေးအခေါ်တွေကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ရင်း ငြင်းကြခုန်ကြရင်းနဲ့ စကားထောင်ချောက်တွေကို ရှောင်တိမ်း တတ်လာတယ်။ (ဒါတွေက တချိန်မှာ အလုပ်အတွက် အင်တာဗျူးဝင်တော့ သိပ်ကို အသုံးဝင်ခဲ့တယ်လေ။)
အခုလိုခေတ်ကြီးထဲမှာ မြန်မာပြည်က လူငယ်တွေအတွက် တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်း နည်းပါးနေတာ လူတိုင်းသိကြမှာပါ။ ရရှိလာနိုင်တဲ့ အခွင့်အရေးဆိုတာကို မျှော်တလင့်လင့် စောင့်စားပြီး ရတဲ့ အချိန်မှာ အမိအရ ဖမ်းယူနိုင်ဖို့ အရေးကြီးတယ်လို့ ထင်မိပါတယ်။ အဲဒီ့ အခွင့်အရေးကို ရဖို့ ဘယ်နေရာမှာ ရှာကြမလဲ။ ဘာတွေလုပ်ကြမလဲ။ အိမ်ထဲမှာ ထိုင်နေရုံနဲ့တော့ သိပ်မလွယ်ကူလှဘူးလို့ ထင်မိပါတယ်။ လူငယ်တွေ အားလုံး တက်တက်ကြွကြွနဲ့ စည်းလုံးဖို့လိုအပ်လာပါပြီ။ လူကြီးသူမတွေရဲ့ ဆုံးမစကားတွေနဲ့ အတွေ့အကြုံတွေကို နာခံပြီး လူငယ်အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြဖို့ တန်ဖိုးရှိ လူငယ်တွေ ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ Senior လူငယ်တွေက Junior လူငယ်တွေကို တွဲခေါ်ပြီး လ္ဘက်ရည်ဘယ်လိုသောက်မလဲ (လ္ဘက်ရည်ဆိုင် ဘယ်လိုထိုင်မလဲ)ဆိုတဲ့ အဖြေအတွက်၊ “မင်းတို့လေးတွေ ငယ်သေးတာကိုး” ဆိုတဲ့ လူကြီးတွေရဲ့ အထင်သေး စကားတွေကို ရိုက်ချိုးကြပါစို့လား....။
ဗီလိန်
*မှားယွင်းမှု တစုံတရာရှိရင် မသိနားမလည်မှု အတွက် ခွင့်လွှတ်ပေးကြပါ။*